ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆) တက်ရောက်တာဝန်ထမ်းဆောင်မည့်သူများ သင်တန်းကျောင်းများသို့ စတင်ရောက်ရှိ

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆) တက်ရောက်တာဝန်ထမ်းဆောင်မည့်သူများ သင်တန်းကျောင်းများသို့ စတင်ရောက်ရှိ
Published 18 October 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆) တွင် တက်ရောက်တာဝန်ထမ်းဆောင်မည့်သူများ သင်တန်းကျောင်းများသို့ အောက်တိုဘာ ၁၈ ရက်တွင် စတင်ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ သင်တန်းတက်ရောက်ရန် ရောက်ရှိလာသည့် သင်တန်သားများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ်(၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းသို့ အောက်တိုဘာ ၁၈ ရက်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ် (၆) တက်ရောက်မည့်သူများ ရောက်ရှိလာရာ သင်တန်းကျောင်းတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄)သို့ တက်ရောက်မည့် သူများကို အောက်တိုဘာ ၁၆ ရက်တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူးဗိုလ်ချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအမှာစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် (၅) အထိ ဖွင့်လှစ်ထားပြီးဖြစ်ကာ ပြည်သူ့စစ်မှုထမ်းအမှတ်(၁)သည် ဇွန် ၂၈ ရက်တွင် သင်တန်းဆင်းပြီးနောက် သင်တန်းသားများသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁) သင်တန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။            

ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) သင်တန်းကို မေ ၁၄ ရက်က လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) ကို  ဇွန် ၂၅ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) ကို သြဂုတ် ၅ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်သင်တန်းအမှတ်(၅)ကို စက်တင်ဘာ ၉ ရက်တွင်လည်းကောင်း  ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား နစက က အသက်ဝင်စေခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တစ်ခုတွင် သင်တန်းသား ၅၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။