တရားမဝင် တံဆိပ်တုံးများကို အသုံးပြုပြီး နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးမြှင့်ပေးခြင်း၊ ကိုင်ဆောင် အသုံးပြုခြင်းများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်း စာရင်းသွင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်

တရားမဝင် တံဆိပ်တုံးများကို အသုံးပြုပြီး နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးမြှင့်ပေးခြင်း၊ ကိုင်ဆောင် အသုံးပြုခြင်းများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်း စာရင်းသွင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံး
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံး
Published 16 October 2024

 တရားမဝင် တံဆိပ်တုံးများကို အသုံးပြုပြီး နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးမြှင့်ပေးခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်းများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးက အောက်တိုဘာ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့ အပါအဝင် ပြည်ပရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် များကို လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ သက်တမ်းတိုးမြှင့်ပေးခြင်း အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ရာတွင် နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးမြှင့်သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ အတုအပ ပြုလုပ်ထားသော တရားမဝင် တံဆိပ်တုံးများကို အသုံးပြုပြီး သက်တမ်းတိုးမြှင့်ထားသည့် နိုင်ငံကူးလက်မှတ် ကဲ့သို့ တရားမဝင် လုပ်ဆောင်ပေးခြင်း/ ကိုင်ဆောင်အသုံးပြုခြင်းများ ရှိနေသည်ဟု သိရှိရကြောင်း ပါရှိသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်အသုံးပြုခြင်းနှင့်စပ်လျဉ်းပြီး “ဤနိုင်ငံကူးလက်မှတ် ကို မည်သည့်နည်းနှင့်မျှ ပြောင်းလဲခြင်း (သို့မဟုတ်) ချို့ယွင်းအောင် ပြုလုပ်ခြင်း မရှိစေရ။ အစိုးရ အမှု ကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အရာရှိများ (သို့မဟုတ်) နိုင်ငံခြား တိုင်းပြည်ဆိုင်ရာ အရာရှိများမှတစ်ပါး အခြားမည်သူကမျှ ဤနိုင်ငံကူးလက်မှတ်တွင် တံဆိပ်ခေါင်း များကပ်ခြင်း၊ ဖော်ပြချက်များ၊ ဂဏန်းအမှတ်အသားများ (သို့မဟုတ်) အခြား ဖြည့်စွက်ချက်များ မပြု လုပ်ရ။ ဤနိုင်ငံကူးလက်မှတ်တွင် ပြောင်းလဲချက်ပြုလုပ်ခြင်းမှာ အတည်ဖြစ်ခြင်းကို ပျက်ပြယ်စေနိုင် သည် ဟူ၍ မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်အဖုံး၏ ကျောဘက်တွင် “သတိပြုရန်အချက် အဖြစ် ဖော်ပြထားပြီးဖြစ်ကြောင်း ပါရှိသည်။

သို့ဖြစ်၍ အပိုဒ် (၁) ၌ ဖော်ပြထားသော တရားမဝင်သည့် နည်းလမ်းဖြင့် သက်တမ်းတိုးမြှင့်ထားသည့် နိုင်ငံကူးလက်မှတ်အား ကိုင်ဆောင်အသုံးပြုခြင်းသည် အပိုဒ် (၂) ပါ စည်းကမ်းသတ်မှတ်ချက်များကို ရည်ရွယ်ချက် ရှိရှိဖြင့်ဖြစ်စေ/ မရှိ၍ဖြစ်စေ ချိုးဖောက်ရာရောက်ကြောင်းနှင့် ထိုကဲ့သို့ ချိုးဖောက်ထားပါက အဆိုပါ နိုင်ငံကူးလက်မှတ်၏ အတည်ဖြစ်ခြင်းကို ပျက်ပြယ်စေမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းနိုင်ငံကူးလက်မှတ်သည် အထောက်အထား ခရီးသွားလက်မှတ်တစ်ခုအဖြစ် တရားဝင် ကိုင်ဆောင် အသုံးပြုခွင့် မရှိသည့်အပြင် ပြည်ပနိုင်ငံအသီးသီးရှိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ အသိအမှတ်ပြုမှုမှလည်း ငြင်းပယ်ခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်၌ မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးဆောင်ရွက် ပေးခဲ့ရာတွင် ယခင်က အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူးလက်မှတ်စာအုပ်အသစ်ကို ပြန်လည် ထုတ်ပေးခြင်း မပြုဘဲ “OBSERVATION” တံဆိပ်တုံးရိုက်နှိပ်ကာ လက်ရေးဖြင့် သက်တမ်းတိုးမြှင့်ပေးခဲ့သည့် သာဓကအချို့ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှစတင်၍ ယင်းကဲ့သို့ သက်တမ်းတိုးမြှင့်ပေးခြင်း လုံးဝ (လုံးဝ) ဆောင်ရွက်ပေးခြင်း မရှိတော့ဘဲ နိုင်ငံကူးလက်မှတ်စာအုပ်အသစ် ထုတ်ပေးခြင်းဖြင့်သာ သက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း ကိုရီးယားသမ္မတနိုင်ငံ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ တရားဝင် အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ပါရှိသည်။

ယင်းအတွက်ကြောင့် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များအား အတုအပ ပြုလုပ်ထားသော တရားမဝင် တံဆိပ်တုံးများကိုအသုံးပြုပြီး သက်တမ်းတိုးမြှင့်ထားသည့် နိုင်ငံကူးလက်မှတ်ကဲ့သို့ တရားမဝင် လုပ်ဆောင်ပေးခံရခြင်း/ ကိုင်ဆောင်အသုံးပြုခြင်းများမှ သတိပြုရှောင်ရှားနိုင်စေရေး၊ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံး ပြုရာ၌ သတိပြုရန်အချက်များကို သတိပြုလိုက်နာနိုင်စေရေး၊ မသမာသူများ၏ စည်းရုံးသိမ်းသွင်းမှု များအား သတိပြုရှောင်ရှားနိုင်စေရေးနှင့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်မိခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံတို့မှ ဥပဒေအရ အရေးယူခံရနိုင်ပြီး စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်အား ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းတို့ကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုဆော်အပ်သည်ဟု ကိုရီးယးနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

Most Read

Most Recent