ဆွီဒင်နိုင်ငံသို့သွားရောက်စဉ် ဟိုတယ်၌ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရမှုကို ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ ဒေါသတကြီး ငြင်းဆန်

ဆွီဒင်နိုင်ငံသို့သွားရောက်စဉ် ဟိုတယ်၌ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရမှုကို ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ ဒေါသတကြီး ငြင်းဆန်
Photo: Expressen
Photo: Expressen
Published 16 October 2024

 

ပြီးခဲ့သည့်အပတ်က ဆွီဒင်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့စဉ် မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရသည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးနှင့် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေသည် ယင်းစွပ်စွဲချက်များကို ဒေါ သတကြီး ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဆွီဒင်ဒေသတွင်းမီဒီယာများက ယင်းသတင်းကို ကနဦးရေးသားခဲ့ပြီးနောက် ပျံ့နှံ့လာခြင်းဖြစ်သည်။ ဆွီဒင်သတင်းစာဖြစ်သည့် Expressen ကမူ အမ်ဘာပေအပေါ် စွပ်စွဲ ချက်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း အတိအလင်း ရေးသားခဲ့သည်။ 

အမ်ဘာပေ သည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး မြို့လယ်ခေါင်ရှိ Bank ဟိုတယ်တွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စွပ်စွဲထားသည့် မုဒိမ်းမှုသည် ကြာသပတေးနေ့တွင် ဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

အမ်ဘာပေသည် ယင်းနေ့ ညအစောပိုင်းက Chez Jolie စားသောက်ဆိုင်သို့ သွားရောက်ကာ V ညကလပ်သို့ ဆက်လက်ထွက်ခွာသွားပြီး သူ၏အပေါင်းအသင်းများနှင့်အတူ ဟိုတယ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။ အမ်ဘာပေသည် မုဒိမ်းမှုစွပ်စွဲချက်အကြောင်း ဖော်ပြထားသည့် သတင်းတစ်ပုဒ်အား ပြန်လည်မျှဝေရာတွင် "သတင်းမှားတွေပါပဲ။ ဖြစ်လာတာက အရမ်းခန့်မှန်းရ လွယ်ကူပါတယ်။ ကြားနာစစ်ဆေးမှုမတိုင်ခင် အခွင့်အရေးတစ်ခု အနေနဲ့ပေါ့" ဟု တုံ့ပြန်ရေးသားခဲ့သည်။ 

အမ်ဘာပေသည် ကလပ်ဟောင်း PSG ထံမှ ရရန်ရှိသည့် လစာနှင့် ဆုကြေးငွေများအတွက် ပေါင် ၄၆ သန်းကျော် ရယူလိုမှုဖြင့် တရားစွဲဆိုထားပြီး အဆိုပါအမှုအတွက် စတင်ကြားနာစစ်ဆေးမှုကို ယနေ့ ပြုလုပ်မည်ဖြစ်သည်။ အခြားဒေသတွင်းသတင်း များတွင် မုဒိမ်းမှုကျူးလွန်ခံရသူ အမျိုးသမီးသည် ဒေသတွင်းရှိ ဆေးရုံတစ်ရုံတွင် ကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။ 

အမ်ဘာပေသည် သောကြာနေ့တွင် Private Jet ဖြင့် ဆွီဒင်နိုင်ငံမှ ပြန်လည်ထွက်ခွာလာခြင်းဖြစ်သည်။ အမ်ဘာပေအနေဖြင့် မကြာသေးမီက ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံတကာရက်သတ္တပတ် အမီ ပြန်ကောင်းလာသော်လည်း သူ့အား မရွေးချယ်ရန် တောင်းဆိုခဲ့ကာ နိုင်ငံလက်ရွေးစင်အသင်းအတွက် အရေးပါသည့်ပွဲများသာ ကစားတော့မည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

Most Read

Most Recent