ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးနိုင်သော အစွန်းရောက်လက်ဝဲသမား အမေရိကန်နိုင်ငံသားများကို အမေရိကန်စစ်တပ်ဖြင့် နှိမ်နင်းမည်ဟု ဒေါ်နယ်ထရန့် ခြိမ်းခြောက်

ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးနိုင်သော အစွန်းရောက်လက်ဝဲသမား အမေရိကန်နိုင်ငံသားများကို အမေရိကန်စစ်တပ်ဖြင့် နှိမ်နင်းမည်ဟု ဒေါ်နယ်ထရန့် ခြိမ်းခြောက်
အရီဇိုးနားပြည်နယ်  ပက်စကော့ဗယ်လေ၌ ဒေါ်နယ်ထရန့် စည်းရုံးရေးဆင်းနေပုံကို အောက်တိုဘာ ၁၃ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အရီဇိုးနားပြည်နယ်  ပက်စကော့ဗယ်လေ၌ ဒေါ်နယ်ထရန့် စည်းရုံးရေးဆင်းနေပုံကို အောက်တိုဘာ ၁၃ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 14 October 2024

ဒေါ်နယ်ထရန့်က အစွန်းရောက် လက်ဝဲသမားများအား ရွေးကောက်ပွဲနှင့်သက်ဆိုင်သော ခြိမ်းခြောက်မှုကို အောက်တိုဘာ ၁၃ ရက်တွင် လုပ်ဆောင်လိုက်ပြီး ၎င်းတို့သည် နိုဝင်ဘာရွေးကောက်ပွဲကို အနှောင့်အယှက် ပေးမည်ဆိုပါက အတွင်းမှလာသည့် ရန်သူဟု ၎င်းခိုင်းနှိုင်းခဲ့သော အမေရိကန်နိုင်ငံသားများကို အမေရိကန်စစ်တပ်ဖြင့် နှိမ်နင်းမည့်ကိစ္စအား ထောက်ခံနိုင်သည်ဟု ပြောကြားခဲ့သည်။

“ပိုမိုကြီးမားတဲ့ ပြဿနာဟာ အတွင်းထဲက ရန်သူလို့ ကျွန်တော်ထင်ပါတယ်။ အဲဒီရန်သူဟာ ကျွန်တော်တို့နိုင်ငံထဲကို ဝင်လာပြီး ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးမယ့် ရန်သူတွေတင် မဟုတ်ပါဘူး”ဟု ၎င်းက Fox News သတင်းဌာန၏ Sunday  Morning Futures အစီအစဉ်ကို ပြောကြားခဲ့သည်။ ရွှေ့ပြောင်းများသည် နိုင်ငံထဲကို လှိမ့်ဝင်လာသည်ဟု ထရန့်က ဝေဖန်ထားသည်။ အဆိုပါ ရွှေ့ပြောင်းများနှင့်တစ်ခြားစီ ဖြစ်နေသော အမေရိကန်နိုင်ငံသားများကို ထရန့်က ရည်ညွှန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ အလွန်ဆိုးတဲ့ လူ တချို့ရှိပါတယ်။ အစွန်းရောက် လက်ဝဲသမားတွေဖြစ်တဲ့ နာမကျန်းဖြစ်နေသူတွေလည်း ရှိနေပါတယ်။ လိုအပ်မယ်ဆိုရင် သူတို့ ကို အမျိုးသားအစောင့်တပ် ဒါမှမဟုတ် တကယ်လိုအပ်လာပြီဆိုရင် စစ်တပ်နဲ့ကိုင်တွယ်မယ်ဆိုရင် အလွန်လွယ်ကူစွာ ကိုင်တွယ်လို့ရမှာပါ”ဟု ထရန့်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသားများသည်  တရုတ်နိုင်ငံသား၊ ရုရှားနိုင်ငံသားတို့ထက် ပိုမိုအန္တရာယ်ကြီးသည်ဟု သမ္မတဟောင်း ထရန့်က ပြောကြားခဲ့သည်။   

ကယ်လီဖိုးနီးယားပြည်နယ် ကိုအာချီလာတွင် ပြုလုပ်သော ဒေါ်နယ်ထရန့် စည်းရုံးရေးပွဲကို အကာအကွယ်ပေးရန် တာဝန်အပ်နှင်းခံထားရသော ဥပဒေထိန်းသိမ်းရေး အရာရှိ၏လက်ထောက်များက ပြောင်းချော သေနတ်၊ ကျည်ဆန်အပြည့်ထည့်ထားသော ပစ္စည်တိုသေနတ်တို့ကို တရားမဝင်ပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရေးဗားဆိုက်ကောင်တီငြိမ်ဝပ်ပိပြားရေး အရာရှိ၏ရုံးက အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအမျိုးသားကို ဖမ်းဆီးခဲ့ခြင်းအား သိရှိကြောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်အတွင်း ထရန့်ကို သော်လည်းကောင်း၊ စည်းရုံးရေးပွဲသို့ လာရောက်သူများကိုလည်းကောင်း တစ်စုံတစ်ရာ အန္တရာယ်ကျရောက်စေခြင်းမရှိကြောင်း လျှို့ဝှက်ထောက်လှမ်းရေးဌာနက ပြောကြားခဲ့သည်။

“ဒီတစ်ကြိမ်မှာ ဖက်ဒရယ်အဆင့် ဖမ်းဆီးတာမျိုး မလုပ်ခဲ့ပါဘူး။ စုံစမ်းစစ်ဆေးနေပါတယ်”ဟု အက်ဖ်ဘီအိုင်၊ အမေရိကန်အစိုးရ ရှေ့နေရုံးတို့နှင့်အတူ ပူးတွဲထုတ်ပြန်သော ထုတ်ပြန်ချက်တွင် လျှို့ဝှက်ထောက်လှမ်းရေးဌာနက ဖော်ပြခဲ့သည်။ လျှို့ဝှက်ထောက်လှမ်းရေးဌာနသည် အမေရိကန်သမ္မတများ နှင့် ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းများကို အကာအကွယ်ပေးရသည့် တာဝန်ကို ယူထားရသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဖမ်းဆီးခဲ့သော အမျိုးသားသည် အသက် ၄၉ နှစ်အရွယ် ဗန်မေလာဆိုသူဖြစ်ပြီး လာ့ဗေးဂက်စ်တွင် နေထိုင်သူဖြစ်သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ၎င်းကို အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ ၎င်း သည် ဇန်နဝါရီ ၂ ရက်တွင် တရားရုံးကြားနာမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

Ref:AFP

Most Read

Most Recent