လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့အား မတိုက်ခိုက်ရန် အစ္စရေးကို အမေရိကန်တောင်းဆို

လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့အား မတိုက်ခိုက်ရန် အစ္စရေးကို အမေရိကန်တောင်းဆို
Published 13 October 2024

၄၈ နာရီအတွင်း လက်ဘနွန်တွင်ရှိသည့် ကုလသမဂ္ဂ ငြိမ်းချမ်း‌ရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရသည့် ဖြစ်ရပ်နှစ်ခု ဖြစ်ပွားလာပြီးနောက် ၊ ယင်းကဲ့သို့ ပစ်ခတ်မှုများ ဆက်မလုပ်ရန် အစ္စရေးအား အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တောင်းဆိုလိုက်သည်။

အောက်တိုဘာ ၁၁ ရက်တွင် အစ္စရေးကာကွယ်ရေးတပ်(IDF) က ကုလသမဂ္ဂ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့မှ သီရိလင်္ကာစစ်သားနှစ်ဦး အနာတရဖြစ်ခဲ့ခြင်းမှာ ၎င်းတို့ကြောင့်ဟု ဝန်ခံကြေညာခဲ့သည်။ ကုလသမဂ္ဂ ငြိမ်းချမ်း‌ရေးတပ်စခန်းအနီး တာဝန်ကျနေသည့် အစ္စရေးစစ်သားများက အန္တရာယ်ပစ်မှတ်တစ်ခုကိုတွေ့ပြီး ပစ်ခတ် လိုက်ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။

 

အောက်တိုဘာ ၁၀ ရက်ကလည်း အစ္စရေးတင့်ကားတစ်စီးက ပစ်ခတ်လိုက်မှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့မှ အင်ဒိုနီးရှားစစ်သားနှစ်ဦး စောင့်ကြည့်ရေးမျှော်စင်ပေါ်မှပြုတ်ကျကာ ဒဏ်ရာရခဲ့သည်။

 

ပြင်သစ်၊ အီတလီနှင့် စပိန်နိုင်ငံတို့မှ ခေါင်းဆောင်များကမူ အစ္စရေး၏လုပ်ရပ်ကို အတူတကွ ရှုတ်ချ လာကြသည်။ အစ္စရေး၏လုပ်ရပ်က လက်ခံနိုင်ဖွယ် မရှိသဖြင့် ချက်ချင်းရပ်ပါဟုလည်း တိုက်တွန်းနေကြသည်။

 

အစ္စရေးဘက်ကလည်း ကုလသမဂ္ဂ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့သည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို

ဆောင်ရွက်နိုင်ခြင်းမရှိဟုဆိုကာ  ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မဖြစ်အောင် အစ္စရေးမြောက်ပိုင်းမှ သုံးမိုင်အကွာ ဆုတ်ခွာ တပ်စွဲရန် ၊ သို့မှသာ အစ္စရေးက ဟဇ်ဘိုလာနှင့် ဆက်တိုက်နိုင်မည်ဟု အသိပေးထားသည်။ သို့သော်လည်း ကုလသမဂ္ဂဘက်က နဂိုနေရာတွင်သာ ၎င်းတို့တပ်ဆက်ရှိနေမည်ဟု အလျှော့မပေးပြောနေသည်။

 

Ref: BBC

Most Read

Most Recent