လက်ဘနွန်မြို့တော် ဘေရွတ်၏မြို့လယ်ကို အစ္စရေးက လေကြောင်းစစ်ဆင်ရေးများ လုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိ

လက်ဘနွန်မြို့တော် ဘေရွတ်၏မြို့လယ်ကို အစ္စရေးက လေကြောင်းစစ်ဆင်ရေးများ လုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိ
ညအချိန် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံး၌ ပျက်စီးနေပုံကို အောက်တိုဘာ ၁၀ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ညအချိန် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံး၌ ပျက်စီးနေပုံကို အောက်တိုဘာ ၁၀ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 12 October 2024

လက်ဘနွန်ရောက် အစ္စရေးမြေပြင် တပ်ဖွဲ့များက ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု အဆောက်အအုံကို ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံနေရချိန် အောက်တိုဘာ ၁၀ ရက်တွင် ဘေရွတ်အလယ်ပိုင်းကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးသွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံများကို ကြားရကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားသော ဘေရွတ်ကို စီးနင်းတိုက်ခိုက်မှုသည် အစ္စရေးက လွန်ခဲ့သောလတွင် ၎င်း၏စစ်ဆင်ရေးကို အရှိန်မြင့် ပြီးကတည်းက လက်ဘနွန်မြို့လယ်ကို တတိယအကြိမ်မြောက် အလားတူတိုက်ခိုက်မှု ဖြစ်သည်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးရရှိထားသော သေဆုံးစာရင်းကို ထုတ်ပြန်ပေးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ အရေအတွက်သည် ၁၁၇ ဦးအထိ ရှိလာခဲ့သည်ဟု ဆိုသည်။

အဆောက်အအုံများ ပြည့်နေသော ဘေရွတ်အလယ်ပိုင်းမှ မီးခိုးလုံးများ တက်လာသည်ကို မြင်ရသည်။ အစ္စရေးအာဏာပိုင်များက ပစ်မှတ်၏ အနေအထားကို ချက်ချင်းပြောကြားခြင်း မရှိပေ။ ဟစ်ဇဘိုလာထိပ် တန်းအရာရှိတစ်ဦးကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု လက်ဘနွန်လုံခြုံရေး သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

အစ္စရေး တိုက်ခိုက်မှု အများစုသည် ဘေရွတ်တောင်ပိုင်းဧရိယာကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပြီး ဘေရွတ်အလယ်ပိုင်းကို ပစ်မှတ်ထားခြင်းမဟုတ်ဟု ဆိုသည်။

လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်က ၎င်းတို့နေရာယူထားသော နေရာများကို အစ္စရေးစစ်သားများက အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ တင့်ကားတစ်စီးကပါ ပစ်ခတ် ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်က အင်ဒိုနီးရှား စစ်သားနှစ်ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဆိုသည်။ ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင်တိုက်ခိုက်ခံရသည့် နေ့နှင့်တစ်နေ့တည်းတွင် ဘေရွတ်မြို့လယ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင်ကို တိုက်ခိုက်မှုသည် တာဝန်မသိခြင်းဖြစ်ပြီး လက်မခံနိုင်သော တိုက်ခိုက်မှုဖြစ်သည်ဟု အီးယူအကြီးအကဲ ချားလ်မီရှယ်က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အီတလီနှင့်စပိန်တို့က ယင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီးနောက် အီးယူအကြီးအကဲ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစ္စရေးက ဟစ်ဇဘိုလာ အဆောက်အအုံများကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ပြောကြားခဲ့ပြီး ၎င်းတို့က ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းသူများ၏ ဘေးကင်းရေးနှင့်လုံခြုံရေးတို့ကို မခြိမ်းခြောက်ရေး သည် အရေးကြီးသည်ဟု ဆိုသည်။

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်(UNIFIL)ရုံးချုပ်အနီးရှိ ဟစ်ဇဘိုလာ စစ်သွေးကြွတို့ကို စစ်ဆင်ရေးလုပ်နေခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး  ယင်းနေရာကို ရောက်နေသော ကုလသမဂ္ဂတပ်ဖွဲ့ဝင်များသည် အကာအကွယ်ရှိသော နေရာများ၌ ဆက်လက်နေထိုင်ကြရန် ညွှန် ကြားထားသည်ဟု ဆိုသည်။

အစ္စရေးက စက်တင်ဘာ ၂၃ ရက်ကတည်းက ဟစ်ဇဘိုလာအုပ်စုကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုများကြောင့် လူ ၁,၂၀၀ ကျော်သေဆုံးခဲ့သည်။

Ref:AFP

Most Read

Most Recent