အာဆီယံ နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန် တက်ရောက်ခဲ့ပြီး တူညီဆန္ဒ ငါးရပ်အား ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေး

အာဆီယံ နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန် တက်ရောက်ခဲ့ပြီး တူညီဆန္ဒ ငါးရပ်အား ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေး
Published 10 October 2024

လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့၌ အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်မိုးတက်ရောက်ခဲ့ပြီး တူညီဆန္ဒ ငါးရရပ်အား ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အောက်တိုဘာ ၉ ရက်တွင် ကျင်းပသည့် (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနား၊ (၄၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (မျက်နှာစုံညီ)၊ (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (သီးသန့်)၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေးအတိုင်ပင်ခံကောင်စီဝင်များ တွေ့ဆုံပွဲ၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံလူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲတို့တွင် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 (၄၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့် ကဏ္ဍအသီးသီး၌ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ တီမောလက်စ်တေနိုင်ငံမှ  အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး လမ်းပြမြေပုံအား အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ နှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ထို့အပြင် (၄၅) ကြိမ်မြောက် ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံတူညီဆန္ဒ (၅) ရပ်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က တူညီဆန္ဒ (၅) ရပ်အား မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာအစိုးရမှ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေး အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံ အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေးအတိုင်ပင်ခံကောင်စီ အစည်းအဝေး၌ အတိုင်ပင်ခံ ကောင်စီမှ အကြံပြုချက်များအပေါ် အာဆီယံနိုင်ငံ့ခေါင်းဆောင်များက မှတ်သားခဲ့ကြပြီး အာဆီယံ ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်အကောင်အထည် ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များနှင့် ဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံ လူငယ်ခေါင်းဆောင်များအစည်းအဝေးတွင် အာဆီယံ၏ အနာဂါတ် လူငယ်များ၏စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာ ကဲ့သို့သော ခေတ်မီနည်းပညာများ အပေါ် အခြေခံသည့် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးတို့နှင့်စပ်လျဉ်း၍ အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရ အဖွဲ့ အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံ အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

Photo. MOFA

Most Read

Most Recent