မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းအား သတ်မှတ်ကာလအတွင်း အပိုင်းအလိုက် ပြီးစီးစေရေးနှင့် တံတားကြံ့ခိုင်မှု ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းအား သတ်မှတ်ကာလအတွင်း အပိုင်းအလိုက် ပြီးစီးစေရေးနှင့် တံတားကြံ့ခိုင်မှု ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
Published 9 October 2024

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းအား သတ်မှတ်ကာလအတွင်း အပိုင်းအလိုက် ပြီးစီးစေရေးနှင့် တံတားကြံ့ခိုင်မှုကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ် အတွင်းရှိ နက္ခတ်တာရာပြခန်းသို့ သွားရောက်၍ နက္ခတ်တာရာပြခန်းအား အာကာသ ပြခန်းအဖြစ် အဆင့်မြှင့်တင်ရန်ဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် နစကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌက တံတားတည်ဆောက်ရေးစီမံကိန်းသည် ပြည်သူများအတွက် အကျိုးပြု သည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် တံတားတည်ဆောက်မှုလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အပိုင်းအလိုက် ပြီးစီးစေရေးနှင့် တံတားကြံ့ခိုင်မှုကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေး ဆောင်ရွက်သွားရန်၊ တံတားတွဲဆက်ခြင်းလုပ်ငန်းများ စနစ်တကျဖြစ်ရန်၊ သင်္ဘောများ၏ ရေလမ်းကင်းလွတ်မှုကိုလည်း စနစ်တကျဆောင်ရွက်သွားရန်နှင့် ရေလယ်တာဝါတိုင်များ အန္တရာယ်ကင်းရှင်းရေးအတွက်လည်း ကြိုတင်စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ရန်ကုန်မြို့နှင့်ဒလမြို့တို့ကို ဆက်သွယ်ဖောက်လုပ်လျက်ရှိသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံတားတည်ဆောက်ရေးစီမံကိန်း ဖြစ်ပေါ်လာပုံနှင့် တံတားဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏ အကျိုးကျေးဇူးများ၊ ၂၀၂၃ ခုနှစ်၊ မေလအတွင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဒလဘက်ကမ်းချဉ်းကပ်တံတား လုပ်ငန်းပြီးစီးမှု၊ ပင်မတံတားလုပ်ငန်းပြီးစီးမှု၊ တံတား၏အဓိကကျသည့် ရေလယ် တာဝါတိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ရန်ကုန်ဘက်ကမ်းချဉ်းကပ်တံတားလုပ်ငန်းပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရာ၌ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားအမျိုးအစားသည် ကြိုးဆိုင်းတံတား (Cable - Stayed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှ တဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့ မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent