ပရီးမီးယားလိဂ်နှင့် ဖြစ်ခဲ့သည့်အမှုတွင် မိမိတို့ အာရုံစိုက်ခဲ့သည့်နှစ်ခုကို အနိုင်ရရှိခဲ့ပြီး ATP စည်းမျဉ်းသည် တရားမဝင်ဟု မန်စီးတီး ထုတ်ပြန်

ပရီးမီးယားလိဂ်နှင့် ဖြစ်ခဲ့သည့်အမှုတွင် မိမိတို့ အာရုံစိုက်ခဲ့သည့်နှစ်ခုကို အနိုင်ရရှိခဲ့ပြီး ATP စည်းမျဉ်းသည် တရားမဝင်ဟု မန်စီးတီး ထုတ်ပြန်
Photo: Goal.com
Photo: Goal.com
Published 9 October 2024

 

ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတစ်သင်း ဖြစ်သည့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အပေါ် စိန်ခေါ်သည့် တရားရေးဆိုင်ရာရင်ဆိုင်မှုတွင် မိမိတို့ ဦးစားပေးပစ်မှတ်ထားခဲ့သည့် (၂)ခုတွင် အနိုင်ရရှိခဲ့ပြီး ATP စည်းမျဉ်းသည် တရားမဝင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအမှုသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မန်စီးတီး အသင်းကို စွဲချက်တင်ထားသည့် ပြစ်မှု (၁၁၅)ချက်နှင့် သက်ဆိုင်ခြင်းမရှိသည့် သီးခြားအမှုတစ်ခုဖြစ်ပြီး မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် UK အစိုးရ၏ မျှတစွာပြိုင်ဆိုင်ခွင့်ဥပဒေကို ကျော်လွန်ဆောင်ရွက်နေသည်ဆိုသည့်အချက်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ATP စည်းမျဉ်းဆိုသည်မှာ နယူးကာဆယ်အသင်းကို ဆော်ဒီ လုပ်ငန်းရှင်များက လွှဲပြောင်းဝယ်ယူခဲ့ချိန်တွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မူလသတ်မှတ်ထားချက်များကို ပိုမိုတင်းကျပ်သည့်ဥပဒေဖြင့် ပြင်ဆင်ထားသည့် စည်းမျဉ်းဖြစ်ပြီး ယင်းစည်းမျဉ်းအရ စပွန်ဆာစာချုပ်များသည် မျှတသည့် ငွေကြေးပမာဏတစ်ရပ်အတွင်းသာ ရှိသင့်သည်ဆိုသည့် အချက်ကို ဦးစားပေးတည်ဆောက်ထားခြင်းဖြစ်သည်။ 

သို့ရာတွင် မန်စီးတီးအသင်းက ၎င်းတို့အသင်းအပေါ် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စွပ်စွဲထားသည့် စွဲချက်များကို မဖြေရှင်းမီအချိန်တွင် ယင်းဥပဒေပြင်ဆင်သည့်လုပ်ရပ်နှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟုဆိုကာ ယင်းကဲ့သို့ ပြုလုပ်ခွင့်မပေးရန် တောင်းဆိုခဲ့သည့်အမှုလည်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး မန်စီးတီးအသင်းက ၎င်းတို့အသာစီးရရှိခဲ့သည့် နယ်ပယ် (၂)ခုအပေါ် ပစ်မှတ်ထားကာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး "ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် အသုံးပြုခွင့်ရှိသည့်အာဏာကို ကျော်လွန်ကာ လုပ်ဆောင်ကြောင်း တွေ့ရှိခဲ့သည်"ဟု ကြေညာခဲ့သည်။ 

"မန်စီးတီးအသင်းအနေဖြင့် ယင်းအချက်ကို ဦးစားပေးအနေဖြင့် တင်ပြခဲ့ပြီး မိမိတို့ အနိုင်ရခဲ့သည်" ဟု ဆိုကာ "ATP စည်းမျဉ်းသည် ဥပဒေနှင့် မညီညွတ်ကြောင်းကိုလည်း တွေ့ရှိခဲ့သည်"ဟု ထုတ်ပြန်မှုတွင် ဆက်လက်ဖော်ပြခဲ့သည်။ မန်စီးတီးဘက်မှ ချယ်လ်ဆီး၊ နယူးကာဆယ်၊ အဲဗာတန်တို့ရပ်တည်ခဲ့ပြီး ပရီးမီးယားလိဂ်ဘက်မှ မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ဘရိုက်တန်နှင့် ဝက်စ်ဟမ်းအသင်းတို့က ရပ်တည်ခဲ့ကြကြောင်းလည်း သိရှိရသည်။ 

Most Read

Most Recent