၂၀၂၄ ရာသီ မေဂျာလိဂ်ပြိုင်ပွဲ၏ လန်ဒန်ဒိုနိုဗန် MVP ဆုအတွက် ဆန်ခါတင်ကစားသမား ၃၄ ဦးစာရင်း ထုတ်ပြန်ထားပြီး မက်ဆီနှင့် ဆွာရက်ဇ် ပါဝင်

၂၀၂၄ ရာသီ မေဂျာလိဂ်ပြိုင်ပွဲ၏ လန်ဒန်ဒိုနိုဗန် MVP ဆုအတွက် ဆန်ခါတင်ကစားသမား ၃၄ ဦးစာရင်း ထုတ်ပြန်ထားပြီး မက်ဆီနှင့် ဆွာရက်ဇ် ပါဝင်
Photo: Mix Vale
Photo: Mix Vale
Published 9 October 2024

 

၂၀၂၄ ရာသီ မေဂျာလိဂ်ပြိုင်ပွဲ၏ လန်ဒန်ဒိုနိုဗန် MVP ဆုအတွက် ဆန်ခါတင် ကစားသမား ၃၄ ဦးစာရင်း ထုတ်ပြန်ထားပြီး အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနှင့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် ပါဝင်နေကြောင်း သိရသည်။

ယင်းဆုမှာ မေဂျာလိဂ် ပုံမှန်ရာသီပွဲစဉ်များအပြီးတွင် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာတန်ဖိုးအရှိဆုံးကစားသမား (MVP) ဆုဖြစ်ပြီး အမေရိကန်တိုက်စစ်မှူးဟောင်း လန်ဒန်ဒိုနိုဗန်ကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ လန်ဒန်ဒိုနိုဗန် MVP ဆုဟု နာမည်ပြောင်းလဲထားခြင်းဖြစ်သည်။ ယခုနှစ် MVP ဆုအတွက် ဆန်ခါတင်စာရင်း ပါဝင်သူများမှာ ၂၀၂၄ ရာသီတွင် အနည်းဆုံး မိနစ် ၁၀၀၀ ပါဝင်ကစားထားရန် လိုအပ်ပြီး အသင်းတစ်သင်းစီမှ ကစားသမားနှစ်ဦးသာ အများဆုံးပါဝင်ခွင့်ရှိကြောင်း သိရသည်။

ယင်းစာရင်းတွင် အင်တာမိုင်ယာမီ အသင်းမှ မက်ဆီနှင့် ဆွာရက်ဇ်တို့ ပါဝင်နေပြီး ၂၀၂၃ ရာသီအတွက် MVP ဆုရရှိခဲ့သူ စင်စင်နာတီအသင်းမှ လူချိုအကော်စတာ၊ ပို့တ်လန်းတင်ဘာအသင်းမှ အီဗန်ဒါ၊ ကိုလံဘတ်စ်ခရူအသင်းမှ ကူချိုဟာနန်ဒက်ဇ်နှင့် ဘာစီလိုနာကစားသမားဟောင်းဖြစ်သည့် LA ဂလက်ဆီအသင်းမှ ရစ်ကီပူအစ်တို့လည်း ဆုရရှိရန် ရေပန်းစားနေသည်။ 

မက်ဆီ (၃၇ နှစ်) သည် ဒဏ်ရာပြဿနာကြောင့် ၂၀၂၄ ရာသီ မေဂျာလိဂ်ပြိုင်ပွဲတွင် ၁၈ ပွဲသာကစားခွင့်ရထားသော်လည်း ၁၇ ဂိုးသွင်းယူကာ ဂိုး ဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ပေးထားသည်။ ဆွာရက်ဇ် (၃၇ နှစ်) မှာလည်း ၂၆ ပွဲကစား၊ ၁၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ပေးထားသည်။

ယင်းဆုကို မေဂျာလိဂ်ကစားသမားများ၊ မေဂျာလိဂ်ကလပ်များမှ နည်းစနစ်ပိုင်းဝန်ထမ်းများ၊ သတ်မှတ်ထားသည့် ပြည်တွင်း နှင့် နိုင်ငံတကာမှ မီဒီယာများ၏ မဲပေးမှုကို သုံးပုံတစ်ပုံစီ အချိုးကျကောက်ယူ၍ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ မဲပေးမှုကို အောက်တို ဘာ ၇ ရက်မှ ၂၁ ရက်အထိ သတ်မှတ်ထား ပြီး ၂၀၂၄ ရာသီ ပုံမှန်ရာသီပွဲစဉ်များမှာ အောက်တိုဘာ ၁၉ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

လန်ဒန်ဒိုနိုဗန် MVP ဆုအပြင် မေဂျာလိဂ် အကောင်းဆုံးနည်းပြဆု၊ မေဂျာလိဂ် မျက်နှာသစ်ကစားသမားဆု၊ လူငယ်ကစားသမားဆု၊ နောက်ခံလူဆု၊ ဂိုးသမားဆု၊ တစ်ကျော့ပြန်ကစားသမားဆု၊ ဒိုင်လူကြီးဆု၊ လက်ထောက်ဒိုင်လူကြီးဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent