ယူရိုပါလိဂ်ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Photo: Man Utd
Photo: Man Utd
Published 3 October 2024

ဖယ်ရန်ဗာရို့စ် နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်လိုက်တာက စပါးအသင်းအတွက် စိတ်ဓာတ်ပိုင်း အတော်မြင့်မားသွားစေနိုင်တယ်။ စပါးအသင်းရဲ့ လက်ရှိ Form ကလည်း အတော်ကောင်းနေပြီး နောက်ဆုံး(၃)ပွဲဆက် (၃)ဂိုးစီ သွင်းခဲ့ တယ်။ တိုက်စစ်ပိုင်းက ဘရန်နန်ဂျွန်ဆင်၊ ဆိုလန်ကီတို့ ဂိုးတွေ ဆက်တိုက်သွင်းနေတာက စပါးအသင်းနည်းပြအဖို့ ကျေနပ်စရာ အတော်ကောင်းနေတယ်။ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်းက လက်ရှိစုဖွဲ့မှု၊ ခြေစွမ်းနဲ့တော့ အိမ်ကွင်းဆိုပေမဲ့ စပါးအသင်းကို ဒုက္ခပေးနိုင်ခြေ မရှိပါဘူး။ စပါးကိုပဲ ရွေးချယ်ချင်တယ်။

လာဇီယို နှင့် နိုက်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့မတ်လကတည်းက ပြိုင်ပွဲစုံ အိမ်ကွင်းရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တယ်။ တိုက်စစ်မှူး ဒီယာကလည်း လာဇီယိုအသင်းမှာ အလျင်အမြန် အထိုင်ကျနေပြီး နောက်ဆုံး(၅)ပွဲမှာ (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ တယ်။ ပြင်သစ်ကစားသမား ဂန်ဒူဇီကလည်း ဒီရာသီ ကွင်းလယ်မှာ အသင်းရဲ့မောင်းနှင်အား ဖြစ်လာခဲ့တယ်။ နိုက်စ်အသင်းကတော့ အဝေးကွင်းမှာ အားနည်းချက်များတဲ့အသင်း ဆိုတာတော့ သတိပြုရမယ်။ မူကိုကို၊ အန်ဒွန်ဘီလီ၊ ဆန်ဆွန်တို့လို ကစားသမားတွေကို ခေါ်ယူထားပေမဲ့ စိတ်မချရဘူး။ လာဇီယိုပဲ နိုင်ဖို့များတယ်။

ဘက်ဆစ်တက် နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဖရန့်ဖတ်အသင်းက ပြည်တွင်းပွဲမှာ အခြေအနေကောင်းနေတယ်။ ဒေါ့မွန်အသင်းကို အရေးနိမ့်ပြီးကတည်းက ရှုံးပွဲ မရှိသေးဘဲ (၄)ပွဲအထိ အနိုင်ကစားထားတယ်။ ပြီးခဲ့တဲ့ အဖွင့်ပွဲမှာလည်း ပယ်လ်ဇန်ကို အနိုင်မကစားနိုင်ပေမဲ့ (၃-၁)ဂိုးနဲ့ ဦးဆောင်ထားပြီးမှ သရေကျခဲ့တာဖြစ်တယ်။ ဒီပွဲက ဖရန့်ဖတ်အသင်း ဥရောပပြိုင်ပွဲအပေါ် ဘယ်လောက် အာရုံစိုက်မှု ရှိ၊ မရှိကို အဆုံးအဖြတ်ပေးမယ့်ပွဲပါပဲ။ ဘက်ဆစ်တက်အသင်းမှာ ကစားသမားကောင်းတချို့ရှိပေမဲ့ အသင်းလိုက် ဟန်ချက်သိပ်မညီသလို ဖြစ်နေတယ်။ ဖရန့်ဖတ်အသင်း မရှုံးအောင်တော့ ထိန်းကစားနိုင်မယ်ထင်တယ်။

အဲလ်ဖ်ဘော့ နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ရိုးမားအသင်း နိုင်ပွဲရှာရတော့မှာဖြစ်ပြီး အဝေးကွင်းဖြစ်ပေမဲ့ နိုင်ပွဲရလိမ့်မယ်။

ပေါ်တို နှင့် မန်ယူ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အဖွင့်ပွဲမှာ ရလဒ်မကောင်းခဲ့ကြတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ မန်ယူအသင်းက ဒီပွဲမှာသာ နိုင်ပွဲထပ်မရခဲ့ရင် (၁၆)သင်းအဆင့် တိုက်ရိုက်ကစားခွင့်အတွက်ပါ စိုးရိမ်စရာ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရတော့ ပေါ်တူဂီမြေက မန်ယူအသင်းအတွက် စိန်ခေါ်မှုကြီးမားနေတာကတော့ အမှန်ပါပဲ။ မန်ယူတိုက်စစ်ပိုင်းမှာ အပြောင်းအလဲရှိလာနိုင်ပြီး ဟွိုင်လန်း ပွဲထွက်ကစားလာနိုင်တယ်။ ပေါ်တိုကလည်း အဖွင့်ပွဲမှာ ပွဲချိန်မိနစ် (၃၀)လောက် ကစားသမား တစ်ယောက်အသာရခဲ့ပေမဲ့ နော်ဝေကလပ်ကို အရေးနိမ့်ခဲ့ရတယ်။ မန်ယူ ရှုံးဖို့တော့ မရှိပါဘူး။

ရိန်းဂျားစ် နှင့် လိုင်ယွန် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

လိုင်ယွန်အသင်းမှာ ဇာဟာ၊ ဘန်ရာမာ၊ ဗယ်ရီတူ၊ လာကာဇက်၊ မိန့်လန်းနိုင်းစ်၊ မာတစ်၊ တာလီယာဖီကို၊ တိုလစ်ဆို စတဲ့ ကစားသမားတွေနဲ့ အင်အားတောင့်တယ်။ အထူးသဖြင့် ပွဲထွက်နဲ့ အရန်ကစားသမားတွေအကြား ခြေစွမ်းမကွာလို့ အပြောင်းအလဲတွေ ရှိလာရင်လည်း လိုင်ယွန်အသင်း ပုံစံမပျက်သွားလောက်ဘူး။ ရိန်းဂျားစ်အသင်းကလည်း ပြည်တွင်းပွဲတွေ အပါအဝင် နိုင်ပွဲဆက်နေတာ တွေ့ရတယ်။ လိုင်ယွန်အသင်း အမှတ်ရလိမ့်မယ်။

Most Read

Most Recent