ထိုင်ဝမ်တောင်ပိုင်းကို တိုင်ဖွန်းခရာသွန်း ဝင်ရောက်တိုက်ခတ်

ထိုင်ဝမ်တောင်ပိုင်းကို တိုင်ဖွန်းခရာသွန်း ဝင်ရောက်တိုက်ခတ်
Published 3 October 2024
Ref:AFP

တိုင်ဖွန်းမုန်တိုင်း ခရာသွန်းသည် အောက်တိုဘာ ၃ ရက်တွင် ထိုင်ဝမ်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ထိုင်ဝမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားသည်။

လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်ဦးသေဆုံးကာ လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေစဉ် စာသင်ကျောင်းများနှင့် အလုပ်များကို နှစ်ရက်မြောက်ပိတ်ထားခဲ့ပြီးနောက် တိုင်ဖွန်းခရာသွန်းသည် ထိုင်ဝမ်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ခရာသွန်းသည် ထိုင်ဝမ်တောင်ပိုင်း ကောင်းရှန်းဆိပ်ကမ်းမြို့သို့ ဝင်ရောက်မတိုက်ခတ်မီ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၂၆ ကီလိုမီတာ(၇၈မိုင်)နှုန်းဖြင့် တိုက်ခတ်ခဲ့သည်ဟု ဗဟိုမိုးလေဝသဌာန (CWA) က ထုတ်ပြန်ထားသည်။

“တိုင်ဖွန်းခရာသွန်းဟာ အောက်တိုဘာ ၃ ရက် နေ့လယ် ၁၂ နာရီ ၄၀ ဝန်းကျင်မှာ ကောင်းရှန်းမြို့ရဲ့ ရှောင်ဂန်းဒေသအနီးကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်ဖွန်းသည် ကုန်းတွင်းပိုင်းဝင်ရောက်လာပြီးနောက် လျင်မြန်စွာအားလျော့သွားမည်ဟု CWA အကြီးအကဲ ချန်းချီယာပင်းက အောက်တိုဘာ ၂ ရက်တွင် ခန့်မှန်းထားခဲ့ပြီး ကောင်းရှန်းမြို့ရှိဒေသခံများကို ဘေးလွတ်ရာတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

“ဒီနေရာမှာ တိုင်ဖွန်းကြောင့် ဖျက်အားပြင်းတဲ့ လေတွေ တိုက်ခတ်လာပါလိိမ့်မယ်။ အမြန်ဆုံးဘေးလွတ်ရာမှာ နေထိုင်ဖို့ပြင်ဆင်ကြပါ” ဟု CWA က ဒေသခံများ၏ မိုဘိုင်းဖုန်းများထံ သတိပေးစာ ငါးကြိမ်ပေးပို့ခဲ့သည်။

ကောင်းရှန်းမြို့တွင် တိုင်ဖွန်းဝင်ရောက် မတိုက်ခတ်မီ အလွန်အားကောင်းသောလေ တိုက်ခတ်မှုများကို ကြုံတွေ့ခံစားခဲ့ရသည်ဟု ကောင်းရှန်းမြို့တော်ဝန် ချန်းချီမိုင်ကသတင်းထောက်များကို ပြောပြခဲ့သည်။

“ဒေသခံတွေအနေနဲ့ မလိုအပ်ရင်အိမ် အပြင်မထွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်” ဟု ၎င်းက ဆိုသည်။

“ကောင်းရှန်းမြို့မှာ သဘာဝဘေးအန္တရာယ်ဖြစ်စဉ် ၃၅၆ ခုစံချိန်တင် ဖြစ်ပွားပြီး အများစုမှာ သစ်ပင်တွေနဲ့ ကြော်ငြာဆိုင်းဘုတ်တွေ လဲကျတာမျိုးရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

သည်းထန်စွာ ရွာသွန်းသည့်မိုးနှင့် အင်အားပြင်းလေတိုက်နှုန်းကြောင့် ထိုင်ဝမ်တွင် လူနှစ်ဦးထက်မနည်းသေဆုံးပြီး နှစ်ဦးပျောက်ဆုံးကာ လူ ၁၂၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားမီးသတ်အေဂျင်စီက ထုတ်ပြန်ထားသည်။

အရှေ့ပိုင်း ဟွာလီယန်ကောင်တီတွင် အောက်တိုဘာ ၁ ရက်က အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သစ်ပင်ပိခဲ့သောကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး နောက်တစ်ရက်တွင် သေဆုံးခဲ့သည်။

အသက် ၆၆ နှစ်အရွယ်အမျိုးသားတစ်ဦးမှာမူ ၎င်း၏ကုန်တင်ယာဉ်ပေါ် ကျောက်တုံးတစ်တုံးပိကျလာသောကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

တိုင်ဖွန်းကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ်များအားလုံးကို နှစ်ရက်ကြာဆိုင်းငံ့ထားရပြီး နိုင်ငံတကာလေကြောင်းခရီးစဉ် ၂၄၀ ဝန်းကျင်ကို ဖျက်သိမ်းခဲ့ရသည်။

ထိုင်ဝမ်တစ်ဝန်းတွင် အောက်တိုဘာ ၃ ရက်အထိ လူ ၁၀၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုင်ဖွန်းကြောင့် အချို့နေရာများတွင် မြေပြိုမှုများ၊ ရေကြီးမှုများဖြစ်ပွားခဲ့ပြီး နေအိမ်များနှင့် လမ်းများပျက်စီးခဲ့သည်။

Most Read

Most Recent