မွန်ပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း စတင်ကောက်ယူနေ

မွန်ပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း စတင်ကောက်ယူနေ
Published 2 October 2024

မွန်ပြည်နယ်အတွင်း အောက်တိုဘာလ (၁) ရက်နေ့မှစတင်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း စတင်ကောက်ယူနေကြောင်း သိရသည်။

အောက်တိုဘာလ (၁) ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူမှုများ လုပ်ဆောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့တစ်ဖွဲ့မှာ လ.ဝ.က ပါတယ်။ နောက်ပြီး သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်လို့ သင်တန်းတက်ထားတဲ့ အခြေခံပညာကျောင်းများက ဆရာ/ဆရာမတွေပါတယ်။ နောက်ပြီး သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါတယ် ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

ထိုသို့ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် အချက် (၆၂) ချက်ပါ မေးခွန်းများအား ဖြေကြားရကြောင်း နှင့် လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူသူမှ Tablat တွင် အချက်အလက်များထည့်သွင်းခြင်းများလုပ်ဆောင်ကြောင်း ၎င်းကဆိုသည်။

မော်လမြိုင်မြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၅၀၅) ကွက်အား စာရင်းစစ်၊ စာရင်းကောက် (၅၀၅) ဦးတို့ဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ စာရင်းလိုက်လံကောက်ယူခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနဆိုင်များထံမှ သိရသည်။

အလားတူ မွန်ပြည်နယ် သထုံမြို့နယ်အတွင်း စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းအား သက်ဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့်လိုက်လံ ကောက်ယူနေကြောင်း သထုံမြို့ခံပြည်သူများထံမှ သိရသည်။

မနေ့(စက်တင်ဘာလ (၁) ရက်) က နန်းခဲရပ်ကွက်ဘက်မှ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်း ကောက်ယူသွားတယ်လို့ သိရပါတယ်။ ဒီနေ့ (စက်တင်ဘာလ (၂) ရက်) မှာလည်း လိပ်အင်းရပ်ကွက်ဘက်မှာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်နေတာတွေ့ရတယ်။ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့မှာက လ.ဝ.က ပါတယ်။ သူတို့သင်တန်းပေးထားတဲ့ ကျောင်းဆရာမတွေပါတယ်။ နောက်ပြီး သက်ဆိုင်ရာရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပါတယ် ဟု သထုံမြို့ပြည်သူတစ်ဦးက ပြောကြားသည်။

ထိုသို့ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးအင်အား အများအပြားဖြင့် လိုက်လံကောက်ယူနေကြောင်းလည်း ၎င်းမြို့ခံပြည်သူက ဆိုသည်။

ထို့အတူ  ကျိုက်ထိုနှင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်များ၊ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်မြို့၊ ကျွဲခြံကျေးရွာ၊ နတ်ကြီးချောင်ကျေးရွာ အစရှိသည့်ကျေးရွာများနှင့် ပေါင်မြို့ပေါ်ရပ်ကွက်များအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းများကောက်ယူခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် ချောင်းဆုံမြို့ပေါ်ရပ်ကွက်များနှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မုဒုံမြို့ပေါ်ရပ်ကွက်များ၊ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များနှင့် ကျိုက္ခမြို့၊ ကျိုက်မရောမြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းများ ကောက်ယူမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကျိုက်မရောမြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် ရှင်စောပုရပ်ကွက်တို့၊ ရန်ကြီးအောင်၊ ရန်မျိုးအောင်အစရှိသည့်ရပ်ကွက်များအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူခြင်းများ လုပ်ဆောင်သွားကြောင်း ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သန်းခေါင်စာရင်းကောက်ယူတဲ့ခါမှာ အချက်ပေါင်း (၆၂) ချက်လောက်ပါတဲ့ မေးခွန်းတွေကိုဖြေရတယ်။ သူတို့ (လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ခံသည့်သူများ) မှာက အချက်အလက်တွေထည့်သွင်းထားပြီးဖြစ်တဲ့ Tablet  တွေပါလာတယ်။ ကိုယ်ပြောတာနဲ့သူတို့ထည့်သွင်းထားတဲ့အချက်အလက်တွေ ကိုက်မကိုက် စီစစ်တဲ့သဘောမျိုးတွေ့ရတယ် ဟု ပြောကြားသည်။

ထိုသို့ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းလိုက်လံကောက်ယူရာတွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များမှ လုံခြုံရေးယူပေးနေသည်ကိုတွေ့ရကြောင်းလည်း ၎င်းမြို့ခံ ကဆိုသည်။

ထို့အပြင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ရေးမြို့အနီးဝန်းကျင်ရှိကျေးရွာများအတွင်း  ယမန်နေ့ (အောက်တိုဘာလ (၁) ရက်) နံနက်ပိုင်းအချိန်မှစတင်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းများကောက်ယူမှုလုပ်ဆောင်ခဲ့သည့်အပြင် ယနေ့( အောက်တိုဘာလ (၂) ရက်) နံနက်ပိုင်းတွင်လည်း လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူမှုများလုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း ရေးမြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

(၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မွန်ပြည်နယ် လ.ဝ.ကညွန်ကြားရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

Most Read

Most Recent