ချီဖွေမြို့နယ်တွင် KIA/PDF များအား ကန့်ကွက်ကြောင်း ဒေသခံများ ဆန္ဒထုတ်ဖော်

ချီဖွေမြို့နယ်တွင် KIA/PDF များအား ကန့်ကွက်ကြောင်း ဒေသခံများ ဆန္ဒထုတ်ဖော်
Published 7 October 2024

ကချင်ပြည်နယ် ချီဖွေမြို့နယ်၌ အောက်တိုဘာ ၇ ရက်က ကချင်အထူးဒေသ(၁) အတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်နေသည့် KIA/PDF အဖွဲ့ကို အလိုမရှိ ဆန့်ကျင်ကန့်ကွက်ကြောင်း  ဒေသခံများက ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် ငါတို့ဒေသကို တိုက်ခိုက်လာသည့် KIA/PDF အား အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ၊ ကျွန်ုပ်တို့ ကလေးများကို ပညာသင်ခွင့်ပေးပါ၊ လူမျိုးသုဉ်းသတ်ဖြတ်နေမှုကို ဝိုင်းဝန်းကာကွယ်ပါ၊ လောဘကြောင့် လူ့အသက်ကို မသတ်ကြပါနဲ့ စသည့်စာတမ်းများ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံတော်၌ နိုင်ငံရေးဆွေးနွေးစေ့စပ် ဖြေရှင်းရန်လိုပြီး ဥပဒေဘောင်အတွင်း ရှင်သန်ကာ ဆွေးနွေးရန်နှင့်  ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။ 

ကချင်ပြည်နယ် ပူတာအို၊ ချီဖွေ၊ မြစ်ကြီးနား၊ ဗန်းမော်ဘက်တို့တွင် KIA နှင့်ပူးပေါင်းတပ်များက အစိုးရတပ်စခန်းများကို တိုက်ခိုက်နေသည်ကို တွေ့ ရကြောင်း၊ ထိုသို့တိုက်ခိုက်လာသည့်အတွက်ကြောင့် နိုင်ငံတော်တွင် ထိခိုက်မှုများ၊ ဆုံးရှုံးမှုများ ဖြစ်စေကြောင်း၊  တပ်မတော်လည်း ထိခိုက်နစ်နာကြောင်း ဦးဇခုန်တိန့်ယိန်းက ပြောကြားသည်။ 

 အလားတူ စစ်ပွဲဖော်ဆောင်သည့်အတွက်ကြောင့် တစ်ဖက် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ကလည်း ထိခိုက်မှုတွေ၊ သေကြေဆုံးရှုံးမှုတွေ မုချရှိမည်ဟု ခန့်မှန်းနားလည်နိုင်ကြောင်း၊ ထိုသို့ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုများအနေဖြင့် အိုးအိမ်များကိုစွန့်ခွာရကြောင်း၊ သားပျောက်၊ သမီးပျောက်၊ လင်ပျောက်၊ မယားပျောက်၊ မိဘပျောက်၊ အိုးအိမ်ပျောက်၊အင်မတန်ကြီးမားသည့်ဒုက္ခများကို ကျရောက် စေပြီး အားလုံးစိတ်မကောင်းဖြစ်ရကြောင်း ဦးဇခုန်တိန့်ယိန်းက ဆိုသည်။ 

ထို့ကြောင့် မိမိတို့ဖာသာမိမိတို့ ရွေးချယ်သင့်သည်က စစ်ပွဲကိုရပ်ပစ်ရန်၊  နိုင်ငံတော်ငြိမ်းချမ်းသွားရင် မိမိတို့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ပြည်သူများ၏ အနာဂတ်ဘဝကိုကောင်းအောင် မိမိတို့ ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနယ်မြေဒေသဖြစ်သည့် ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်၊ ဆဒုံးဧရိယာသည် နှစ်ပေါင်း(၃၀)ကျော် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်နှင့် ငြိမ်းချမ်းမှုရယူပြီးမှ ပြည်သူများ၏ ဘဝကို ပညာရေး၊ ကျန်းမာရေး၊ အဘက်ဘက်တိုးတက်အောင်တည်ဆောက်နေသည့်နေရာဖြစ်သဖြင့် ပြန်လည်ပျက်စီးသွားသည်ကို မိမိတို့အနေဖြင့် အားလုံးက မလိုလားကြောင်း၊ အဆိုပါနေရာဒေသများ ဖွံ့ဖြိုးခြင်းများ၊ တိုးတက်ခြင်းများသည် ကချင်ပြည်နယ်သူ/သား၊ မြန်မာနိုင်ငံပြည်သူ/သား အားလုံး၏အကျိုးကို ဖြစ်စေကြောင်း၊ အဆိုပါနယ်မြေဒေသ၏ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုကို ဖျက်ဆီးခြင်းကလည်း တစ်တိုင်း ပြည်လုံး၏ တိုက်သည့်ဖက်သာမက အတိုက်ခံရသည့်ဘက်ကပါ ထိခိုက်နစ်နာဆုံးရှုံးခြင်းဟုမြင်ကြောင်း ဦးဇခုန်တိန့်ယိန်းက ပြောကြားသည်။

အလားတူ ကချင်ပြည်နယ် အထူးဒေသ(၁)ဒေသများဖြစ်သည့် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည် ဒေသများ သို့ တိုက်ခိုက်ဖျက်ဆီးရန် ဝင်ရောက်လာသည့် KIA၊ PDF ပူးပေါင်းအဖွဲ့များကို ယတိပြတ် ခုခံချေမှုန်းရန်၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ နိုင်ငံတော်ကို ဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူများ၏ဘဝ သာယာ အေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF များက ကျူးကျော်လာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ် အထူးဒေသ (၁)တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အနေဖြင့် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းကြရန်  ဦးဇခုန်တိန့်ယိန်းက ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်တွင် ၎င်း၏လက်အောက်ခံတပ်များကို စစ်မိန့်ထုတ်ပြန်ခဲ့သေးသည်။

Most Read

Most Recent