ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူ

ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူ
အောက်တိုဘာ ၇ ရက်က မနီလာမြို့တော်ရှိ သမ္မတနန်းတော်တွင် တောင်ကိုရီးယား သမ္မတ ယွန်း(ဝဲ)နှင့် ဖိလစ်ပိုင်သမ္မတမားကို့စ်တို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်(Photo:AFP)
အောက်တိုဘာ ၇ ရက်က မနီလာမြို့တော်ရှိ သမ္မတနန်းတော်တွင် တောင်ကိုရီးယား သမ္မတ ယွန်း(ဝဲ)နှင့် ဖိလစ်ပိုင်သမ္မတမားကို့စ်တို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်(Photo:AFP)
Published 7 October 2024

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ကြေညာမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့သည် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် အောက်တိုဘာ ၇ ရက်က သဘောတူခဲ့ကြသည်ဟု နှစ်နိုင်ငံသမ္မတများက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယွဲ နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာတို့သည် မနီလာမြို့တော်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့များအကြား ဆက်ဆံရေးများတိုးမြှင့်ရန် သဘောတူခဲ့ကြသည်။

နှစ်နိုင်ငံအကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရေး၊ သတင်းအချက် အလက်မျှဝေရေး၊ ရှာဖွေကယ်ဆယ်ရေး မစ်ရှင်များကို လုပ်ဆောင်မှုများကို ပိုမိုမြှင့်တင်သွားမည်ဟု ယွန်းက ပြောကြားခဲ့သည်။

”ကျွန်တော်တို့ဟာ တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘေးကင်းလုံခြုံရေးတွေရဲ့ အရေးကြီးမားပုံကို သိရှိနားလည်ကြောင်း မျှဝေခဲ့ကြပါတယ်” ဟု ယွန်းက မားကို့စ်နှင့် တွေ့ဆုံခဲ့သည့် အစည်း အဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်မှာ နိုင်ငံတကာ ဥပဒေရဲ့ အခြေခံမူတွေနဲ့အညီ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ လေယာဉ်ပျံသန်းခွင့်နဲ့ စည်းမျဉ်းအခြေပြု ပင်လယ်ရေကြောင်း အခင်းအကျင်းတစ်ခုကို ထူထောင်ဖို့ အတူတ ကွ ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ယွန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်များအတွင်း တင်းမာမှုများ မြင့်တက်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး မကြာခဏ ပြောကြားလေ့ရှိသည်။

မတ်လအတွင်းကလည်း တောင်ကိုရီးယားသည် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်များဖြင့် ထိုးသည့် တရုတ်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်များတွင် ၎င်းတည်ရှိမှုကို ချဲ့ထွင်ခဲ့သည်။

နိုင်ငံတကာ အနုညာတခုံရုံးကမူ တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ထွက်ဆိုချက်များသည် အခြေအမြစ်မရှိကြောင်း စီရင်ချက်ချခဲ့သည့်တိုင် တရုတ်က ထိုစီရင်ချက်ကို လျစ်လျူရှုခဲ့သည်။

ထို့ပြင်တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတုများ တည်ဆောက်ခြင်း၊ ထိုကျွန်းတုများပေးတွင် ဒုံးကျည်စနစ်များ တပ်ဆင်ခြင်း၊ တိုက်လေယာဉ်များအတွက် လေယာဉ်ပြေးလမ်းများဖောက်လုပ်ခြင်း၊ သင်္ဘောများ စေလွှတ်ခြင်းတို့ ပြုလုပ်ခဲ့ကာ တရုတ်သင်္ဘောများသည် ဖိလစ်ပိုင်သင်္ဘောများကို နှောင့်ယှက်ခြင်း၊ ငါးဖမ်းသင်္ဘောများကို တားမြစ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည့်  ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များတွင် ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားအကြား ကုန်ကြမ်းပစ္စည်း ထောက်ပံ့မှုကွင်း ဆက်၊ ဖိလစ်ပိုင်တွင် လည်ပတ်ခြင်းမရှိဘဲ ရပ်နားထားသည့် ဘက်တန်နျူကလီးယား ဓာတ်အားပေးစက်ရုံကို လေ့လာမှုများ ပါဝင်သည်။

“ပထဝီနိုင်ငံရေး အခြေအနေတွေက ပိုမိုရှုတ်ထွေးလာတာကြောင့် ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းအခြေပြု အခင်းအကျင်းကို မြှင့်တင်ဖို့နဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ရရှိစေဖို့ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်”ဟု မားကို့စ်က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent