နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် နစက၏ EAO နှင့် PDF များကို ကမ်းလှမ်းဖိတ်ခေါ်ချက်အား အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီ ပူးတွဲသဘောထား ထုတ်ပြန်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် နစက၏ EAO နှင့် PDF များကို ကမ်းလှမ်းဖိတ်ခေါ်ချက်အား အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီ ပူးတွဲသဘောထား ထုတ်ပြန်
Published 30 September 2024

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် နစက၏ EAO နှင့် PDF များကို ကမ်းလှမ်းဖိတ်ခေါ်ချက်အား အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီက စက်တင်ဘာ ၂၉ ရက်တွင် ပူးတွဲသဘောထားထုတ်ပြန်သည်။

နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF များထံ စက်တင်ဘာ ၂၆ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

နစကအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ငါးရပ်ပါ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို ဦးတည်ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ အခြေခံအဆောက်အဦများ၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပျက်တွေ့ကြုံခံစားနေရမှုများကို ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြခြင်းလည်း မရှိကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

မကြာမီရက်ပိုင်းကလည်း နိုင်ငံအနှံ့အပြားတွင် သဘာဝဘေးဒဏ်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို နှစ်ပေါင်း ၅၀၊ ၁၀၀ အတွင်း အဆိုးဝါးဆုံးဖြစ်စဉ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံး ရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အလျင်အမြန် ပြန်လည်ဆောင်ရွက်နိုင်ရန် တည်ငြိမ်အေးချမ်းလုံခြုံမှုမှာ အထူးလိုအပ်ချက်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ယခုအခါ ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်အား အောက်တိုဘာ ၁ ရက်မှစ၍ ဆောင်ရွက်တော့မည်ဖြစ်ရာ အဆိုပါလုပ်ငန်းစဉ် အဆင်ပြေအေးချမ်းစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းလည်း နိုင်ငံရေးပါတီ ၂၆ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍လည်း ကောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင် ပေးနိုင်ရေးအတွက်လည်းကောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထောက်အကူပြုနိုင်မည့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အား တည်ငြိမ်အေးချမ်းစွာဖြင့် အချိန်မီဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်ရန် လိုအပ်ချက်အရလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများအား လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်ဖြစ်စေ၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်ဖြစ်စေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် နစကအနေဖြင့် ကမ်းလှမ်းဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု နိုင်ငံရေးပါတီ ၂၆ ပါတီက ပူးတွဲသဘောထားထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ကမ်းလှမ်းချက်သည် ပြည်သူတစ်ရပ်လုံး၏ အမှန်တကယ်လိုအပ်ချက်အား ကိုယ်စားပြုရာရောက်သည့် နိုင်ငံတော်၏ အပြုသဘောဆောင်သော ကမ်းလှမ်းချက်ဖြစ်သောကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးကို ရှေးရှုသော လိုက်နာပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ရှုမြင်သဖြင့် အဆိုပါထုတ်ပြန်ချက်အပေါ် အပြည့်အဝ ထောက်ခံကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီက ပူးတွဲသဘောထားထုတ်ပြန်သည်။

အဆိုပါ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ)၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ) ပါတီ စသည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက လက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။

Most Read

Most Recent