၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ကွင်း ၁၂ ခုကို ထုတ်ပြန်ခဲ့ပြီး MetLife Stadium ကွင်း ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတို့ကို ကျင်းပခွင့်ရ

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ကွင်း ၁၂ ခုကို ထုတ်ပြန်ခဲ့ပြီး MetLife Stadium ကွင်း ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတို့ကို ကျင်းပခွင့်ရ
Photos: Getty Images
Photos: Getty Images
Published 29 September 2024

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံ ကျင်းပမည့် ကွင်း ၁၂ ခုကို စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ၃၂ သင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံရှိ မြို့ ၁၁ ခုမှ အားကစားကွင်း ၁၂ ခု၌ ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

FIFA ၏ ထုတ်ပြန်မှုအရ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကို နယူးယောက်မြို့ရှိ MetLife Stadium ၊ အတ္တလန္တာမြို့ရှိ Mercedes-Benz Stadium ၊ ရှားလော့မြို့ရှိ Bank of America Stadium ၊ စင်စင်နာတီမြို့ရှိ TQL Stadium ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Rose Bowl Stadium ၊ မိုင်ယာမီမြို့ရှိ Hard Rock Stadium ၊ နက်ရှ်ဗယ်မြို့ရှိ GEODIS Park ၊ အော်လန်ဒို မြို့ရှိ Camping World Stadium နှင့် Inter & Co Stadium ၊ ဖီလာဒဲလ်ဖီးယားမြို့ရှိ Lincoln Financial Field ၊ ဆီယက်တဲလ်မြို့ရှိ Lumen Field ၊ ၀ါရှင်တန်ဒီစီမြို့ရှိ Audi Field ကွင်းတို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်လုပွဲကို ပရိသတ် ၈၂၅၀၀ ဝင်ဆံ့ သည့် MetLife Stadium ကွင်း၌ ကျင်းပမည် ဖြစ်ပြီး ယင်းကွင်းမှာ NFL ကလပ် နယူး ယောက်ဂျိုင်းယန့်နှင့် နယူးယောက်ဂျက်စ် အသင်းတို့၏ အိမ်ကွင်းဖြစ်သည်။ သို့ဖြစ်ရာ MetLife Stadium အနေဖြင့် ၂၀၂၅ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို လက်ခံကျင်းပခွင့် ရမည်ဖြစ်သည်။

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပကလပ် ၁၂ သင်း၊ တောင်အမေရိကကလပ် ခြောက်သင်း၊ အာရှ၊ အာဖရိကနှင့် ကွန်ကာကပ်ဖ်ကလပ် လေးသင်းစီ၊ သမုဒ္ဒရာ ပိုင်းနှင့် အိမ်ရှင်အမေရိကန်ကလပ် တစ်သင်း စီ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ လက်ရှိအချိန် တွင် တောင်အမေရိကနှင့် အိမ်ရှင်အမေရိကန်ကလပ် တစ်သင်းစီအတွက်သာ အဖြေထွက်ပေါ်ရန်ကျန်ရှိပြီး ဥရောပမှ ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG ၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာလ်ဇ်ဘာ့ဂ်၊ တောင်အမေရိကမှ ပါလ်မီး ရပ်စ်၊ ဖလာမင်ဂို၊ ဖလူမင်နိစ်၊ ရေးဗားပလိတ်၊ ဘိုကာဂျူနီယာ၊ အာရှမှ အယ်လ်ဟီလာ၊ အူရာဝရတ်ဒိုင်းမွန်း၊ အယ်လ်အိန်း၊ အူလ်ဆန်၊ အာဖရိကမှ အယ်လ်အာလီ၊ ၀ိုင်ဒက်၊ တူနစ်၊ မာမယ်လိုဒီဆန်းဒေါင်း၊ ကွန်ကာကပ်ဖ်မှ မွန်တာရေး၊ ဆီယက်တဲလ်ဆောင်းဒါး၊ လီယွန်၊ ပါချူကာ၊ သမုဒ္ဒရာပိုင်းမှ အော့ကလန်စီးတီး အသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။

သို့သော် ကမ္ဘာလုံးဆိုင်ရာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPRO) နှင့် ကမ္ဘာ့လိဂ်ပြိုင်ပွဲများဖိုရမ်တို့က တိုးမြင့်လာသည့်ပွဲစဉ်ဇယားအတွက် ဝေဖန်ထားပြီး ဥပဒေကြောင်းအရ ဖြေရှင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent