ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက ကျပ် ၁၀ ဘီလျံကျော် ထပ်မံလှူဒါန်း

ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက ကျပ် ၁၀ ဘီလျံကျော် ထပ်မံလှူဒါန်း
Published 29 September 2024

ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက ကျပ် ၁၀ ဒသမ ၅ ဘီလျံ ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၈ ရက်က နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်း ပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ နစက ဥက္ကဋ္ဌ က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများဆက်လက် ပေးအပ်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော တို့က အသီးသီး လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌက ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ ပေးအပ်ကြမှုအပေါ် နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအကြိမ်သည် ဒုတိယအကြိမ် လှူဒါန်းမှုဖြစ်ပြီး ပထမအကြိမ်လှူဒါန်းမှုအခမ်းအနားတွင် (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ)ကျော်ကို လက်ခံရရှိခဲ့ကြောင်း၊ အခက်အခဲများကြားမှ စိတ်စေတနာထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် အလှူငွေလက်ခံခြင်းများကို ဆောင်ရွက်ခဲ့ကြ ခြင်းဖြစ်ပြီး ယနေ့ဒုတိယအကြိမ်အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၁၀ ဘီလီ ယံကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း ပြောကြားသည်။

ထို့အပြင် မိမိတို့အစီအစဉ်ဖြင့် ရေဘေးသင့်ဒေသများကို သွားရောက်လှူဒါန်းလျက်ရှိသည့် စေတနာရှင် ပြည်သူများသည်လည်း များစွာရှိပြီး မိမိတို့နိုင်ငံသားများအနေဖြင့် လူမှုရေးကိစ္စရပ်များတွင် စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းလိုသည့် စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း၊ ကောင်းမွန်ပြီး ဂုဏ်ယူဖွယ်ရာ စိတ်ဓာတ်များပင်ဖြစ်ပြီး နိုင်ငံသားတိုင်းအနေဖြင့် ထိုကဲ့သို့ စိတ်ရင်းစေတနာ၊ စိတ်ဓာတ်ကောင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အလှူရှင်များ၏ သန့်ရှင်းသောစိတ်ဖြင့် လှူဒါန်းခဲ့သည့် လှူဒါန်းမှုများကို အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိနိုင်ရေး စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရောင်အသွေးကင်းရှင်းစွာဖြင့် လှူဒါန်းလာသည့် ပြည်ပမှလှူဒါန်းမှုများကိုလည်း မိမိတို့အနေဖြင့် စနစ်တကျလက်ခံ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စေတနာရှင် အလှူရှင်များအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြှင့်တင်မှု လုပ်ငန်းများတွင်လည်း ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ရေဘေးဒဏ် ကျရောက်ခဲ့ရသည့် ကျောင်းများအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကလေးငယ်များ၏ ပညာရေး နောက်ကျမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရတစ်ခုတည်း ဆောင်ရွက်၍မရဘဲ မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာလျင် နိုင်ငံတော်တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့တွင် လာရောက်လှူဒါန်းကြ သည့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မိမိတို့ တတ်နိုင်သည့် နယ်ပယ်မှ အတူတကွဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent