"ဝ" ဒေသ ဟိုပန်မြို့တွင် ဓားပြတိုက်ကာ ကလေးငယ်တစ်ဦးကို သတ်ခဲ့သူအား UWSA က သေဒဏ်ချမှတ်

"ဝ" ဒေသ ဟိုပန်မြို့တွင် ဓားပြတိုက်ကာ ကလေးငယ်တစ်ဦးကို သတ်ခဲ့သူအား UWSA က သေဒဏ်ချမှတ်
Photo."၀"လူငယ်အသံကွန်ရက်
Photo."၀"လူငယ်အသံကွန်ရက်
Published 30 October 2024

"ဝ" ဒေသ ဟိုပန်မြို့တွင် ဓားပြတိုက်ကာ ကလေးငယ်တစ်ဦးကို သတ်ခဲ့သူအား UWSA က သေဒဏ်ချမှတ်ခဲ့ကြောင်း "၀"လူငယ်အသံကွန်ရက်၏ သတင်းဖော်ပြမှုအရ သိရသည်။

"ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်  (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူကို သေဒဏ်ချမှတ်ခြင်းနှင့် မုဒိမ်းမှု ကျူးလွန်သူခြောက်ဦးကို တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်သည့် တရားစီရင်ရေး အခမ်းအနားကို ဟိုပန်မြို့တွင်း နေထိုင်သူများအား ပြသကာ အောက်တိုဘာ ၃၀ ရက်တွင် ယဉ်ကျေးမှုကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်သူ အသက် ၂၀ ဝန်းကျင် မောင်စိုင်းကျော်ထွန်းကို သေဒဏ်ချမှတ်ခဲ့ပြီး မုဒိမ်းမှု ဦးဆောင်သူကို ထောာင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ကျန် ငါးယောက်ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

UWSA က ထိန်းချုပ်ပြီးနောက်  ဟိုပန်မြို့တွင်း သေဒဏ်ချမှတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းသို့ သေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ လူထုရှေ့တွင် ရှေ့ သေဒဏ်ချမှတ်ခြင်းသည် "ဝ" အဖွဲ့၏ ယခင်ကတည်းက ကျင့်သုံးလာသည့်  မူဝါဒဖြစ်ကြောင်း၊  ယခုကဲ့သို့ ဖြစ်စဉ်များ  ထပ်မဖြစ်လာအောင် လူထုကို ပညာပေးလုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ သေဒဏ်ချမှတ်ခြင်းသာ လူထုရှေ့တွင်ပြုလုပ်ခြင်းဖြစ်ပြီး သေဒဏ်စီရင်ခြင်းကို လူထုရှေ့တွင် လုပ်ဆောင်မည်မဟုတ်ဘဲ မည်သည့်နေရာတွင် စီရင်မည်ကို တရားရေးဌာနက ဆုံးဖြတ်မည်ဖြစ်ကြောင်း "၀"အဖွဲ့က တာဝန်ရှိသူတစ်ဦးက  "၀"လူငယ်အသံကွန်ရက်သို့ ဖြေကြားထားသည်ကိုတွေ့ရသည်။

ဟိုပန်မြို့တွင် ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က ကုန်စုံဆိုင် တစ်ခု၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရခြင်းဖြစ်ပြီး ကျူးလွန်သူကို နှစ်လအကြာတွင် "၀" အဖွဲ့က သေဒဏ်ချမှတ်ခြင်းဖြစ်သည်။

"၀"အဖွဲ့အနေဖြင့် ယခင်ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသအတွင်း ရာဇဝတ်မှုကျူးလွန်သူများကို အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့များတွင် ပြစ်မှုကျူးလွန်သူများကို အများပြည်သူများအား လိုက်လံလှည့်လည်ပြသလေ့ရှိသည်ကို တွေ့ရသည်။

 

Most Read

Most Recent