ထိုင်ဝမ်ရေလက်ကြားကို ဂျပန်စစ်သင်္ဘောတစ်စင်း ပထမဆုံးအကြိမ် ဖြတ်သန်းမောင်းနှင်ခဲ့ပြီးနောက် တရုတ်စစ်တပ်က တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်

ထိုင်ဝမ်ရေလက်ကြားကို ဂျပန်စစ်သင်္ဘောတစ်စင်း ပထမဆုံးအကြိမ် ဖြတ်သန်းမောင်းနှင်ခဲ့ပြီးနောက် တရုတ်စစ်တပ်က တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်
ဂျပန်၏ ဆာဇာနမိ ဖျက်သင်္ဘောကို တွေ့ရစဉ်(Photo:AFP)
ဂျပန်၏ ဆာဇာနမိ ဖျက်သင်္ဘောကို တွေ့ရစဉ်(Photo:AFP)
Published 28 September 2024

ထိုင်ဝမ်ရေလက်ကြားကို ဂျပန်စစ် သင်္ဘောတစ်စင်း ပထမဆုံးအကြိမ် ဖြတ်သန်းမောင်းနှင်ခဲ့ပြီးနောက် တရုတ်စစ်တပ်က စက်တင်ဘာ ၂၆ ရက်တွင် တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်ခဲ့ကာ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆန့်ကျင်ကြောင်း ဂျပန်ကို စောဒကတက်ခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာ ဆာဟာယာရှီက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ထိုဖြစ်စဉ်သည် စစ်ရေးလှုပ်ရှားမှုနှင့် သက်ဆိုင်သည်ဟု ပြောကြားခဲ့သည်။

သို့သော် တရုတ်အစိုးရကမူ မိမိတို့စစ်တပ်သည် ထိုင်ဝမ် ရေလက်ကြားအတွင်း ဂျပန်စစ်တပ်၏ သင်္ဘောတစ်စင်းဝင်ရောက်မှုကို တုံ့ပြန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

“တရုတ်သည် ဂျပန်၏ လုပ်ရပ်များ၏ နိုင်ငံရေးရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး အလွန်သတိဝီရိယထားခဲ့ပြီး ထိုဖြစ်စဉ်ကို ဆန့်ကျင်ကြောင်း ဂျပန်ကို ပြောကြားခဲ့သည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြော ရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက  ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) ကျယ်ဝန်းသော ထိုင်ဝမ်ရေလက်ကြားအား နိုင်ငံတကာ ရေလမ်းကြောင်းတစ်ခုအဖြစ် ပီပီပြင်ပြင် ပုံဖော်ရန်အတွက် အဆိုပါရေလက်ကြားမှ ဖြတ် သန်းသွာလာမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ဂျပန်၏ ဆာဇာနမိဟု အမည်ရသော ဖျက်သင်္ဘောသည် စက်တင်ဘာ ၂၅ ရက်က မကြုံစဖူးအဖြစ် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါနေ့တွင် နယူးဇီလန်နှင့် သြစတြေးလျ စစ်သင်္ဘောများကလည်း အကဲဆတ်သော ထိုရေလက်ကြားမှ ဖြတ်သန်းခဲ့သည်ဟု နယူးဇီလန် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

နယူးဇီလန် စစ်သင်္ဘောတစ်စင်းသည် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အခိုင်အမာ ပြသရန်အတွက် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခဲ့ကြောင်း၊ ၎င်းနှင့်အတူ သြစတြေးလျ၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်းလည်း အတူလိုက်ပါလာခဲ့ကြောင်း နယူးဇီလန် ကာကွယ်ရေးဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနအား ပြောကြားခဲ့သည်။

ဂျပန်မီဒီယာများတွင်မူ ဂျပန်၊ သြစတြေးလျနှင့် နယူးဇီလန်တို့သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ရန်စီစဉ်ထားကြောင်း ဖော်ပြခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုသုံးနိုင်ငံမှ သင်္ဘောများသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်က အတည်ပြုခဲ့သည်။

တရုတ်စစ်တပ်အနေဖြင့် တပ်လှန့်နှိုးဆော်မှုကို မြင့်တင်ထားပြီး ထိုသင်္ဘောများ ဖြတ်သန်းမောင်းနှင်မှုကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း၊ ထိုလုပ်ဆောင်ချက်များသည် တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို လျော့ပါးစေကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။

ထို့ပြင်တရုတ်စစ်တပ်သည် ခြိမ်းခြောက်မှုများ၊ ရန်လိုမှုများကို တန်ပြန်ရန် လိုအပ် သည့် အစီအစဉ်များ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent