တောင်ကိုရီးယားတွင် ပစ္စည်းပို့ဆောင်သည့်အလုပ်ကို တရားမဝင်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားအရေအတွက် မြင့်တက်လာ

တောင်ကိုရီးယားတွင် ပစ္စည်းပို့ဆောင်သည့်အလုပ်ကို တရားမဝင်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားအရေအတွက် မြင့်တက်လာ
တောင်ကိုရီးယားနိုင်ငံတွင် ပစ္စည်းပို့သည့် delivery ဝန်ထမ်းများကို တွေ့ရစဉ်(Photo:AFP)
တောင်ကိုရီးယားနိုင်ငံတွင် ပစ္စည်းပို့သည့် delivery ဝန်ထမ်းများကို တွေ့ရစဉ်(Photo:AFP)
Published 27 September 2024

တောင်ကိုရီးယားတွင် တရားရေးဝန်ကြီးဌာနက တရားမဝင် အလုပ်လုပ်ကိုင်နေမှုများကို စတင်တိုက် ဖျက်ခဲ့သည့် ၂၀၂၃ ခုနှစ် နောက်ပိုင်းပစ္စည်းပို့ဆောင်သူများ (delivery workers)အဖြစ် တရားမဝင် အလုပ် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား အရေအတွက်သည် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု စက်တင်ဘာ ၁၈ ရက်က The Korea Herald သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အစားအစာပို့ဆောင်ပေးသည့် အလုပ်များနှင့် ပါဆယ်ထုပ်များ ပို့ဆောင်သည့် ဝန်ဆောင်မှုများတွင် တရားမဝင် အလုပ်လုပ်ကိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၇၁ ဦးကို ၂၀၂၄ ခုနှစ် အစပိုင်းပိုင်းမှ ဇူလိုင်လအတွင်း တွေ့ရှိခဲ့ရပြီး ယင်းသည် ၂၀၂၃ ခုနှစ်တစ်နှစ်တာအတွင်း အစားအစာပို့ဆောင်ပေးသည့် အလုပ်များနှင့် ပါဆယ်ထုပ်များ ပို့ဆောင်သည့် ဝန်ဆောင်မှုများတွင် တရားမဝင်အလုပ် လုပ်ကိုင်သည့် ပြည်ပနိုင်ငံသားအရေအတွက် ၁၁၇ ဦးမှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထိုနှုန်းထားအတိုင်းသာ ဆက်လက်တည်ရှိနေမည်ဆိုပါက ယခုနှစ်ကုန်ပိုင်းတွင် ပစ္စည်းပို့ဆောင်သည့် အလုပ်ကို တရားမဝင်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား အရေအတွက်သည် နှစ်ဆမြင့်တက်လာလိမ့်မည်ဟု တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းပို့အလုပ်သမားများ ၁၁၇ ဦးအနက် ၉၄ ဦးမှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ပြီး ယခုနှစ်ဇွန်လကုန်ပိုင်းအထိ ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ပစ္စည်းပို့အလုပ်သမားအနက် ဗီယက်နမ်နိုင်ငံသား ၆၆ ဦးနှင့် ဥဇဘတ်ကစ္စတန်နိုင်ငံသား ၅၁ ဦး ပါဝင်သည်။

အထူးသဖြင့် ဥဇဘန်ကစ္စတန်နိုင်ငံသားများသည် ယခုနှစ်အတွင်း တရားမဝင်အလုပ် လုပ်ကိုင်မှုနှုန်းသည် ခြောက်ဆမြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် တရားမဝင်ပစ္စည်းပို့ အလုပ်သမားများ ဖမ်းဆီးရမိမှုတွင် ဥဇဘတ် ကစ္စတန်နိုင်ငံသား ၈ ဦးသာ ပါဝင်ခဲ့သည်။

ထို့ပြင် တောင်ကိုရီးယား၌ ပစ္စည်းပို့ အလုပ်သမားများအဖြစ် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများအနက် မလေးရှားနိုင်ငံသား ရှစ်ဦး၊ ရုရှားနိုင်ငံသား ခုနစ်ဦးနှင့် ပါကစ္စတန်နိုင်ငံသား ငါးဦး ပါဝင်ခဲ့သည်ဟု တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပစ္စည်းပို့သည့် အလုပ်များတွင် ပြည်ပနိုင်ငံသားများ ဝင်ရောက်လုပ်ကိုင်မှုနှုန်း မြင့်တက်နေရသည့် အဓိကအကြောင်းရင်းသည် ပစ္စည်းပို့သည့် ဝန်ထမ်းများကို အလွန်လိုအပ်နေခြင်းကြောင့် ဖြစ်ကြောင်း  တရားရေးဝန်ကြီးဌာနက ပြောသည်။

COVID-19 ကပ်ရောဂါကာလအတွင်း ပစ္စည်းပို့သည့် အလုပ်အကိုင်စျေးကွက်သည် အလွန်ကြီးထွားလာခဲ့ပြီး လုပ်သားအင်အားလည်း မြင့်တက်လာခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ပစ္စည်းပို့ လုပ်သားအင်အားသည် ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု အလုပ်အကိုင်နှင့် လုပ်သားရေးရာဝန်ကြီးဌာနက သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့ သည်။တောင်ကိုရီးယားတွင် ပစ္စည်းပို့သည့် အလုပ်ကိုလုပ်ကိုင်ရန် F-2၊ F-5နှင့် F6 ဗီဇာများ ရှိရမည်ဖြစ်ပြီး အချို့ကမူ ကျောင်းသားဗီဇာများနှင့် အလုပ်လုပ်ကိုင်နေကြသည်။

Baddal နှင့် Minjok တို့ကဲ့သို့ ပစ္စည်းပို့ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများသည် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဗီဇာရှိသည့် ပြည်ပနိုင်ငံသားများကိုသာ အလုပ်ခန့်ခဲ့ပြီး Coupang Eats ကုမ္ပဏီကမူ ပြည်ပနိုင်ငံသားများကို အလုပ်ခန့်ခြင်းမရှိပေ။

ထိုသို့ စည်းကမ်းသတ်မှတ်ချက်များရှိနေသည့်တိုင် ပစ္စည်းပို့ဆောင်သူများနှင့် အလုပ်ရှင်များအကြား လူချင်းထိတွေ့မှုမရှိဘဲ ဖုန်းဖြင့်သာ ဆက်သွယ်အလုပ်လုပ်ခြင်းဖြစ်သဖြင့် ပစ္စည်းပို့သူများသည် ပြည်ပနိုင်ငံသား များ ဟုတ်၊မဟုတ်ဆိုခြင်းကို အလုပ်ရှင်များဘက်မှ သိရှိရန်ခက်ခဲကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

Ref:The Korea Herald

                            

Most Read

Most Recent