■ အသင်းအရေအတွက် တိုးမြှင့်ထားသည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့်ကွင်းများကို စနေနေ့တွင် ကြေညာမည်     

■ အသင်းအရေအတွက် တိုးမြှင့်ထားသည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့်ကွင်းများကို စနေနေ့တွင် ကြေညာမည်     
Published 27 September 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)သည် ဝေဖန်ပြစ်တင် မှုများနှင့် ရင်ဆိုင်နေရသော်လည်း အသင်းအရေအတွက် တိုးမြှင့်ထားသည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့်ကွင်းများကို စနေနေ့တွင် အတည်ပြုကြေညာမည်ဖြစ်ကြောင်း သိရသည်။

    

FIFA သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၀၀ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ပြိုင်ပွဲအထိ ပြိုင်ပွဲဝင်အသင်း (၇)သင်းသာ ရှိခဲ့သော်လည်း လာမည့် ၂၀၂၅ ပြိုင် ပွဲတွင် (၃၂)သင်းအထိ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ခွဲတမ်းသတ်မှတ်မှုအရ အာရှမှ (၄)သင်း၊ အာဖရိကမှ (၄)သင်း၊ ကွန်ကာကပ်ဖ်မှ (၄)သင်း၊ တောင်အမေရိကမှ (၆)သင်း၊ သမုဒ္ဒရာပိုင်းမှ (၁)သင်း၊ ဥရောပမှ (၁၂)သင်းနှင့် အိမ်ရှင်နိုင်ငံမှ အသင်းတစ်သင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ 

အဆိုပါ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ဇွန်(၁၅)မှ ဇူလိုင်(၁၃)အထိ ကျင်းပသွားရန် ရည်ရွယ်ထားပြီး လက်ခံကျင်းပမည့် ကွင်းများကိုမူ ရွေးချယ်ရခြင်းမရှိသေးပေ။ 

ပြိုင်ပွဲဝင်အသင်း(၃၂)သင်းကို (၄)သင်းစီ ပါဝင်သည့် အုပ်စု (၈)အုပ်စု ခွဲခြားယှဉ်ပြိုင်စေမည်ဖြစ်ပြီး အုပ်စုထိပ်ဆုံးနှစ်သင်းစီ ရှုံးထွက်အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည့် အသင်းအားလုံး စုံလင်ခြင်းမရှိသေးသော်လည်း ဥရောပကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရမည့် (၁၂)သင်းမှာမူ ပေါ်ထွက်ခဲ့ပြီဖြစ်သည်။ အဆိုပါအသင်းများမှာ ချယ်လ်ဆီး၊ ရီးယဲလ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကိုနှင့် ဆာလ်ဇ်ဘာ့ဂ်တို့ဖြစ်သည်။    

    

ဖီဖာက ထိပ်တန်းအသင်းများစွာ ပါဝင်သည့် ပြိုင်ပွဲဖြစ်သောကြောင့် အကျိုးအမြတ်များစွာ ဖြစ်ထွန်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပွဲအရေအတွက် များပြားခြင်းကြောင့် ကစားသမားများ၏ ဆန့်ကျင်ဆန္ဒပြမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသလို၊ ယင်းအခြေအနေကြောင့် ရုပ်သံကုမ္ပဏီများက စာချုပ်ချုပ်ဆိုရန် တွန့်ဆုတ်နေကြကြောင်း သိရသည်။ 

ထို့ပြင် စပွန်ဆာအဖြစ် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီလည်း လက်ရှိအချိန်အထိ မရရှိသေးကြောင်း Goal.com က ဖော်ပြခဲ့သည်။

Most Read

Most Recent