ဥပဒေပါတားမြစ်ချက်များအား ကုမ္ပဏီ/အဖွဲ့အစည်းက ကျူးလွန်ပါက ငွေဒဏ်သိန်းသုံးထောင်အထိ ချမှတ်နိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း

ဥပဒေပါတားမြစ်ချက်များအား ကုမ္ပဏီ/အဖွဲ့အစည်းက ကျူးလွန်ပါက ငွေဒဏ်သိန်းသုံးထောင်အထိ ချမှတ်နိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း
Published 27 September 2024

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ တားမြစ်ချက်များအား ကုမ္ပဏီ/အဖွဲ့အစည်းက ကျူးလွန်ပါက ငွေဒဏ် သိန်းသုံးထောင်အထိ ချမှတ်နိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ)အား “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ ပါဝင်သည့် အဖျက်စွမ်းအားကြီးမားသော လက်နက်များအား တားဆီးကာကွယ်ရေး၊ ဖယ်ရှားရေးနှင့် ဖျက်ဆီးရေးတို့အတွက်လည်းကောင်း၊ လူအများအပြားသေကြေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးအရ အရေးယူဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အတွက် လည်းကောင်း အစီအမံများချမှတ်ခြင်း” ဟု အစားထိုးပြဋ္ဌာန်းထားသည်။

မူလဥပဒေတွင် ပုဒ်မ ၆၊ ပုဒ်မခွဲ(ဃ)အား “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ ပါဝင်သည့် အဖျက်စွမ်းအား ကြီးမားသော လက်နက်များအား တားဆီးကာကွယ်ရေး၊ ဖယ်ရှားရေးနှင့် ဖျက်ဆီးရေးတို့အတွက် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း” ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် မူလပြဋ္ဌာန်းထားသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်ဖြစ်သော “မည်သူမဆို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ်တစ်နှစ်မှ အများဆုံးထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဆိုသော ပြဋ္ဌာန်းချက်နေရာတွင် “မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ ဆောင်ရွက်ရန် တာဝန် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်လျှင်သော်လည်းကောင်း ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက ပြစ်မှုကျူးလွန်ခြင်းဖြစ်လျှင် ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို အနည်းဆုံး ကျပ်သိန်းနှစ်ရာမှ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ငွေဒဏ်ချမှတ်ရမည်” ဟု အစားထိုး ပြဋ္ဌာန်းလိုက်သည်။

Most Read

Most Recent