နာခွန်ဆီအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် တိုက်စစ်မှူးသန်းပိုင် ဂိုးသွင်းယူခဲ့ပြီး ယခုရာသီ သွင်းဂိုးလေးဂိုးရှိလာပြီဖြစ်

နာခွန်ဆီအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် တိုက်စစ်မှူးသန်းပိုင် ဂိုးသွင်းယူခဲ့ပြီး ယခုရာသီ သွင်းဂိုးလေးဂိုးရှိလာပြီဖြစ်
Photo: KPFC
Photo: KPFC
Published 23 September 2024

မြန်မာ့ရွေးစင်အသင်းတိုက်စစ်မှူး သန်းပိုင်သည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် နာခွန်ဆီအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့် ထိုင်းလိဂ် -၂ ပြိုင်ပွဲတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ထိုင်းလိဂ်ပြိုင်ပွဲများကို စက်တင်ဘာ ၂၀၊ ၂၁၊ ၂၂ ရက်များက ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းလိဂ်များတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမားများထဲမှ တိုက်စစ်မှူးသန်းပိုင်က ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် မောင်မောင်လွင်၏ လမ်ဖွန်အသင်းမှာ ဆူခိုထိုင်းအသင်းကို(၀-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မောင်မောင်လွင်မှာမူ ပွဲကစားချိန်(၃၈) မိနစ်၌  ဝင်ရောက်ကစားခွင့်ရခဲ့သည်။

အောင်သူ၏ အူထိုင်းထာနီအသင်းမှာ နောင်ဘူရာအသင်းကို(၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို လွင်မိုးအောင်၏ ရရောင်းအသင်းမှာလည်း  ဘန်ကောက်ယူနိုက်တက်အသင်းကို(၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သို့သော် အောင်သူ၊ လွင်မိုးအောင်တို့နှစ်ဦးစလုံးမှာ ၎င်းတို့၏အသင်းများတွင် ဝင်ရောက်ကစားခွင့်မရခဲ့ကြောင်း သိရသည်။

ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် နောက်ခံလူဇော်မင်းထွန်း၏ ထရတ်အသင်းမှာ ဆူဖန်ဘူရီအသင်းကို(၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဇော်မင်းထွန်းမှာ ဒုတိယပိုင်းပြန်အစတွင် ဝင်ရောက်ကစားခွင့်ရရှိခဲ့သည်။

တိုက်စစ်မှူး သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် အိမ်ကွင်းတွင် နာခွန်ဆီယူနိုက်တက်အသင်းကို(၅-၀) ဂိုးဖြင့် ပြတ်သားစွား အနိုင်ရခဲ့ပြီး ယင်းပွဲတွင် သန်းပိုင်မှာ ပွဲထွက်ကစားခွင့်ရခဲ့သည်။

သန်းပိုင်သည် ယင်းပွဲ၏ ပွဲကစားချိန်(၃၀) မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို အသင်းဖော်၏ ဘယ်ခြမ်းမှဖြတ်တင်ပေးမှုကို ပြေးဝင်ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။

သန်းပိုင်သည် ယခုရာသီတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် လေးဂိုးသွင်းယူပေးထားပြီဖြစ်သည်။

သန်းပိုင်သည် ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင်လည်း ကန်ချနာဘူရီပါ၀ါအသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့သေကြောင့် နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းလိဂ်-၂ ကလပ် ကန်ချနာဘူရီပါ၀ါအသင်းသည် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို ယခုရာသီအစက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် သန်းပိုင်၏ ခြေစွမ်းကို ပထမအကျော့ပြီးဆုံးချိန် ရာသီဝက်အထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး ခြေစွမ်းပေါ်မူတည်၍ သက်တမ်းတိုးစာချုပ် ဆက်လက်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရရှိခြင်းဖြစ်သည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ပွဲစဉ်(၆) အပြီးတွင် အမှတ်ပေးဇယား အဆင့်(၁၂) နေရာ ရပ်တည်နေသည်။

သန်းပိုင်သည် ပြီးခဲ့သည့်ရာသီတွင် ချင်းမိုင်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားခွင့်ရရှိပြီး သုံးဂိုး သွင်းယူခဲ့သည်။ 

Most Read

Most Recent