တစ်နိုင်ငံတည်းသား ဒန်နီယဲလ်ဒူဘွာနှင့်ထိုးသတ်မည့် IBF ဟဲဗီးဝိတ်ချန်ပီယံစိန်ခေါ်ပွဲတွင် ရှုံးနိမ့်မှာကိုမလိုလားကြောင်း ချန်ပီယံဟောင်း ဂျိုရှူအာ ဖွင့်ဟ

တစ်နိုင်ငံတည်းသား ဒန်နီယဲလ်ဒူဘွာနှင့်ထိုးသတ်မည့် IBF ဟဲဗီးဝိတ်ချန်ပီယံစိန်ခေါ်ပွဲတွင် ရှုံးနိမ့်မှာကိုမလိုလားကြောင်း ချန်ပီယံဟောင်း ဂျိုရှူအာ ဖွင့်ဟ
Photo: DAZN
Photo: DAZN
Published 18 September 2024

 

ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမား အန်သို နီဂျိုရှူအာက တစ်နိုင်ငံတည်းသား ဒန်နီယဲလ်ဒူဘွာနှင့်ထိုးသတ်မည့် IBF ဟဲဗီးဝိတ်ချန်ပီ ယံစိန်ခေါ်ပွဲ$ ရှုံးနိမ့်မှာကို မလိုလားကြောင်း ပြောကြားသည်။

ဂျိုရှူအာ(၃၄ နှစ်)နှင့် ဒူဘွာ(၂၇ နှစ်) သည် လာမည့်စက်တင်ဘာလ ၂၁ ရက်၌ ဝင်ဘလေကွင်းစံချိန်တင်ပရိသတ် ၉၆၀၀၀ ဦးရှေ့မှောက်တွင် ရင်ဆိုင်ထိုးသတ်ကြမည် ဖြစ်သည်။ ဒူဘွာသည် ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်က ခရိုအေးရှားလက်ဝှေ့သမား ဖီးလစ် ဟာဂိုဗစ်ကို ရှစ်ချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ IBF ၏ Interim ချန်ပီယံ ဖြစ်လာခဲ့သည်။ 

ယင်းနောက်တွင် အူဆိုက်က IBF ချန်ပီယံခါးပတ်ကို စွန့်လွှတ်လိုက်သဖြင့် ဒူဘွာအနေဖြင့် IBF ရွှေခါးပတ်ကို အလိုအလျောက် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ယခုပွဲမှာ ဒူဘွာ၏ ပထမဆုံး IBF ချန်ပီယံ ကာကွယ်ပွဲလည်းဖြစ်သည်။ ဂျိုရှူအာသည် ၂၀၂၂ ခုနှစ် သြဂုတ်လက အူဆိုက်အား နှစ်ပွဲ ဆက်တိုက် အရေးနိမ့်ပြီးနောက် သူ၏လက်ဝှေ့သမားဘဝကို ပြန်လည်တည်ဆောက်ကာ ယခုအခါ IBF ၏စိန်ခေါ်သူနံပါတ်တစ် ဖြစ်လာခဲ့သည်။ 

၎င်းအနေဖြင့် နောက်ဆုံးထိုးသတ်ထားသည့် လေးပွဲဆက်တိုက် အနိုင်ယူထားပြီး သုံးပွဲဆက် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ "ကျွန်တော် ကြိုးစားခဲ့ပြီးပြီ။ ဝေဒနာတွေနဲ့လည်း ဖြတ်သန်းခဲ့ရတယ်။ ပြီးတော့ ပိုကောင်းတဲ့သူဖြစ်အောင် ကြိုးပမ်းခဲ့တယ်။  အဲဒီည (အူဆိုက်အား ရှုံးနိမ့်တဲ့ည) က ရှုံးနိမ့်တဲ့အတွေ့အကြုံတွေ ထပ်မဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် ရှုံးမှာကို မလိုလားပါဘူး"ဟု ဂျိုရှူအာက ပြောကြားခဲ့သည်။ 

ထို့ ပြင် ဒူဘွာနှင့်ပတ်သက်ပြီး ၎င်းက "သူဟာ လက်ဝှေ့သမားကောင်းတစ်ဦးပါ။ ရဲရင့်တဲ့ တိုက်ခိုက်ရေးသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ လူတိုင်းက သူနဲ့ပတ်သက်ပြီး ခပ်မြင့်မြင့်တွေ ပြောကြတယ်။ ပြီးတော့ သူတို့က ကျွန်တော့်ကို လျှော့တွက်ထားတယ်လို့လည်း ထင်ပါတယ်။ ဒါကြောင့် အဲဒီအမြင်တွေကနေ ရုန်းထွက်ပြီး ကျွန်တော် ဘယ်လိုကောင်းကြောင်း သက်သေပြရပါမယ်"ဟု ကြုံးဝါးခဲ့သည်။ 

ဂျိုရှူအာအနေဖြင့် ယခုပွဲအနိုင်ရလျှင် ဟဲဗီးဝိတ်လက်ဝှေ့ဂန္ထဝင်များဖြစ်ကြသည့် မိုဟာမက်အလီ၊ လင်းနော့လူးဝစ်၊ အီဗန်ဒါဟိုလီဖီး၊ ဗစ်တာလီကလစ်ရှ်ကိုစသည့် လက်ဝှေ့သမားများကဲ့သို့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ်ဖြစ်ဖူးသူအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။ ဂျိုရှူအာနှင့် ဒူဘွာသည် ပထမဆုံးအကြိမ် ရင်ဆိုင်ထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent