စားနပ်ရိက္ခာရှားပါးနေသည့် ဇင်ဘာဘွေတွင် ဆင်အကောင်ရေ ၂၀၀ ကို သုတ်သင်သွားမည်ဟု အာဏာပိုင်များ ပြောကြား

စားနပ်ရိက္ခာရှားပါးနေသည့် ဇင်ဘာဘွေတွင် ဆင်အကောင်ရေ ၂၀၀ ကို သုတ်သင်သွားမည်ဟု အာဏာပိုင်များ ပြောကြား
Published 15 September 2024

ဇင်ဘာဘွေနိုင်ငံသည် စားနပ်ရိက္ခာရှားပါးမှုကို ဖြစ်စေခဲ့သည့် မကြုံစဖူး မိုးခေါင်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ဆင်အကောင်ရေ ၂၀၀ ခန့်ကို သုတ်သင်သွားမည်ဖြစ်ကြောင်း ဇင်ဘာဘွေ တောရိုင်းတိရစ္ဆာန်အာဏာပိုင် အဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ဆင်ကောင်ရေ များပြားလာပြီး ပိုလျှံတိရစ္ဆာန်သုတ်သင်မှုအဖြစ် ထိုသို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဇင်ဘာဘွေနိုင်ငံအတွင်း ဆင်များ၏အရေအတွက်သည် လိုအပ်သည်ထက် ပိုမိုကျော်လွန်နေပြီဖြစ်ကြောင်း ဇင်ဘာဘွေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက စက်တင်ဘာ ၁၁ ရက်တွင် လွှတ်တော်ကို ပြောကြားခဲ့ပြီး ပိုလျှံနေသည့် ဆင်များကို သုတ်သင်သည့်လုပ်ငန်းစဉ်ကို စတင်ရန် ဇင်ဘာဘွေ ဥယျာဉ်နှင့် တောရိုင်း တိရစ္ဆာန်အာဏာပိုင်အဖွဲ့ (Zimparks) ကိုအစိုးရက ညွှန်ကြားထားကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

ဇင်ဘာဘွေ၏ အကြီးဆုံး သစ်တောကြိုးဝိုင်းရှိသည့် ဟွမ်ဂီမြို့အပါအဝင် လူသားများနှင့် ဆင်များမကြာခဏ ထိပ်တိုက်တွေ့မှုများရှိသည့် နေရာများတွင် ဆင်အကောင်ရေ ၂၀၀ ကို သုတ်သင်သွားမည်ဖြစ်ကြောင်း Zimparks ညွှန်ကြားရေးမှူးချုပ် ဖူလ်တန်မန်ဝမ်ယာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံတွင် ဆင်အကောင်ရေ ၁၀၀၀၀၀ ခန့်ရှိကာ ဘော့ဆွာနာ နိုင်ငံပြီးလျှင် ဒုတိယ ဆင်ကောင်ရေအများဆုံး နိုင်ငံဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်မှုများ ကောင်းမွန်သဖြင့် ဟွမ်ဂီမြို့တွင် ဆင်ကောင်ရေ ၆၅၀၀၀ ခန့်ရှိနေပြီးပြီး ထိုပမာဏသည် ထိုမြို့အတွင်း ထိန်းထားနိုင်စွမ်းရှိသည့် ဆင်ကောင်ရေပမာဏထက် လေးဆကျော်များ ပြားနေကြောင်း Zimparks က ပြောကြားခဲ့သည်။

ပိုလျှံတိရစ္ဆာန်များကို သုတ်သင်မှုအဖြစ် ဇင်ဘာဘွေတွင် နောက်ဆုံးအကြိမ် ဆင်များကို သုတ်သင်ချိန်သည် ၁၉၈၈ ခုနှစ်တွင် ဖြစ်သည်။

ယခုလအတွင်း အိမ်နီးချင်း နမ်မီဘီယာနိုင်ငံတွင်လည်း သုတ်သင်သတ်ဖြတ်ရန် စီစဉ်ထားသည့် ပိုလျှံတောရိုင်းတိရစ္ဆာန် ၇၀၀ ကျော်အနက် ဆင် ၈၃ ကောင်အပါအဝင် တောရိုင်းတိရစ္ဆာန် ၁၆၀ ခန့်ကို သုတ်သင်ခဲ့ကြောင်းနှင့် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ဖြေရှင်းရန်အတွက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇင်ဘာဘွေနှင့် နမ်မီဘီယာနိုင်ငံတို့သည် အာဖရိကတောင်ပိုင်းရှိ နိုင်ငံများနည်းတူ မိုးခေါင်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားခဲ့သည်။

ဇင်ဘာဘွေပြည်သူ ၄၂ ရာခိုင်နှုန်းခန့် ဆင်းရဲမွဲတေနေကြောင်း ကုလသမဂ္ဂက ခန့်မှန်းခဲ့ပြီး လာမည့် နိုဝင်ဘာလမှ လာမည့်နှစ်မတ်လအတွင်း စားနပ်ရိက္ခာအကူအညီများ လိုအပ်မည့်သူအရေအတွက် ခြောက်သန်းခန့် ရှိလာလိမ့်မည်ဟု ဇင်ဘာဘွေအရာရှိများက ပြောကြားခဲ့သည်။

ထိုအချိန်အတောအတွင်း ဆင်များကို သုတ်သင်မည့်အစီအစဉ်ကို ဝေဖန်သူအချို့ရှိခဲ့ပြီး ဆင်များသည် ခရီးသွားများအတွက် အဓိကဆွဲဆောင်မှုတစ်ခုဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ ခရီးသွားကဏ္ဍကို ထိခိုက်ခြင်းမရှိဘဲ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ နည်းလမ်းတွေနဲ့ မိုးခေါင်မှုကို ဖြေရှင်းသင့်ပါတယ်” ဟု အကျိုးအမြတ်မယူသည့် သဘာဝသယံဇာတ အုပ်ချုပ်မှုစင်တာ၏ ညွှန်ကြားရေးမှူး ဖာရာအီမာဂူဝူက ပြောကြားခဲ့သည်။

Ref:AFP

                            

Most Read

Most Recent