တရားသူကြီးများအား ပြည်သူက ရွေးကောက်သည့် အငြင်းပွားဖွယ် ဥပဒေကို မက္ကဆီကို လွှတ်တော်အမတ်များက အတည်ပြု

တရားသူကြီးများအား ပြည်သူက ရွေးကောက်သည့် အငြင်းပွားဖွယ် ဥပဒေကို မက္ကဆီကို လွှတ်တော်အမတ်များက အတည်ပြု
မက္ကဆီကိုစီးတီး၌ ပြုလုပ်သည့် နံနက်ခင်းသတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေသော သမ္မတလိုပက်အိုဘရာဒိုကို စက်တင်ဘာ ၁၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
မက္ကဆီကိုစီးတီး၌ ပြုလုပ်သည့် နံနက်ခင်းသတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေသော သမ္မတလိုပက်အိုဘရာဒိုကို စက်တင်ဘာ ၁၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 12 September 2024

မက္ကဆီကို လွှတ်တော်အမတ်များသည်  စက်တင်ဘာ ၁၁ ရက်တွင် အငြင်းပွားစရာ ကောင်းသော ပြုပြင်ပြောင်းလဲရေးဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ရာ ယင်းသို့အတည်ပြုလိုက်ခြင်းကြောင့် မက္ကဆီကိုသည် တရားသူကြီးအားလုံးကို မဲဆန္ဒရှင်ပြည်သူအားလုံးက ရွေးကောက်တင်မြောက်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာသည်။

အဆိုပါဥပဒေကို ဆွေးနွေးနေသည့် အထက်လွှတ်တော်ထဲသို့ ဆန္ဒပြသမားများချင်းနင်းဝင်ရောက်ခဲ့ပြီးနောက် နာရီပိုင်းအတွင်းတွင် မက္ကဆီကို လွှတ်တော်အမတ်များက တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်ကို ဥပဒေအဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဆန္ဒပြသမားများပါဝင်သော လူအုပ်သည် စက်တင်ဘာ ၁၁ ရက်တွင် မက္ကဆီကို အထက်လွှတ်တော်ထဲကို ချင်းနင်းဝင်ရောက်ခဲ့သောကြောင့် တရားသူကြီးများကို မဲဆန္ဒ ရှင်ပြည်သူများက ရွေးချယ်ရသည့် အငြင်းပွာ းဖွယ်အဆိုပြုချက်များကို အခြေအတင် ဆွေးနွေးမှုအား ရပ်ဆိုင်းထားခဲ့ရသည်။

အဆိုပါ အငြင်းပွားဖွယ် အဆိုပြုချက်ကို ရာထူးမှထွက်ခွာတော့မည် သမ္မတ အန်းဒရက်စ်မန်နျူရယ်လိုပက်အိုဘရာဒိုကတင်ပြလာခြင်းဖြစ်သည်။

မက္ကဆီကိုအား တရားသူကြီးများကို ရွေးကောက်သည့် ကမ္ဘာ၏တစ်ခုတည်းသော နိုင်ငံဖြစ်လာစေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားသောတရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအမံသည်လူထုဆန္ဒပြပွဲများ၊ သံတမန်ရေးဆိုင်ရာတင်းမာမှုများ၊ ရင်းနှီးမြှုပ်နှံသူထိတ်လန့်မှုများကို ပေါ်ပေါက်စေခဲ့သည်။

လွှတ်တော် အဆောက်အအုံထဲကို ဆန္ဒပြသူများဝင်ရောက်လာသောကြောင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျာရာဒိုဖာနန် ဒက်နိုရိုနာက အချိန်အကန့်အသတ်မရှိလွှတ်တော်ရပ်နားကြောင်း ကြေညာခဲ့သည်။ ဆန္ဒပြသမားများပါသော လူအုပ်ကအထက်လွှတ်တော် ခန်းမဆောင်ထဲရောက်နေသည်ကို ရုပ်သံထုတ်လွှင့်ပေးသောပုံများတွင် တွေ့မြင်ခဲ့ရသည်။

အောက်တိုဘာ ၁ ရက်တွင်ကလော် ဒီယာရှိုင်းဘောင်းသမ္မတအဖြစ်အစားထိုး ဝင်ရောက်မလာမီ ဥပဒေကြမ်းကို ပြဌာန်းစေလိုသော လက်ရှိသမ္မတလိုပက်အိုဘရာဒိုက“မျက်မှောက်စနစ်မှာ တရားရုံးတွေက နိုင်ငံရေးနဲ့စီးပွားရေး အထက်လွှာပိုင်းကသူတွေရဲ့အကျိုးစီးပွားတွေကိုပဲ ထမ်းဆောင်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် တရားရေးစနစ်ဟာ ဆွေမျိုးကောင်းစားရေးဝါဒမွစာတက်နေပြီး အဂတိလိုက်စားမှုတို့နဲ့အတူ ဆိုးရွားနေပါတယ်”ဟု ပြောကြားခဲ့သည်။

“ဒီပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့သူတွေ အစိုးရိမ်ဆုံးအရာကတော့ သူတို့ရဲ့အခွင့်ထူးတွေကို လက်လွှတ် ဆုံးရှုံးသွားမှာကို ကြောက်နေတဲ့သူတွေဖြစ်ပါတယ်။ အကြောင်းကတော့ တရားစီရင်ရေးဟာအင် အားကြီးသူတွေရဲ့ စေလိုရာစေ‌ဖြစ်နေပြီး ရုံးဝန်ထမ်းတွေကျူးလွန်တဲ့အမှုတွေရဲ့စေလိုရာစေဖြစ်နေလို့ ဖြစ်ပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော်တရားရုံး တရားသူကြီးများနှင့်အခြားထိပ်တန်းတရားသူကြီးများကို သာမက အရပ်ဒေသအဆင့်တရားသူကြီးများကို ပြည်သူလူထုက ရွေးချယ်ပေးရလိမ့်မည့် အစီအမံကို တရားရုံးဝန်ထမ်းများ၊ ဥပဒေကျောင်းသားများအပါအဝင်ပြိုင်ဘက်များက ဆက်တိုက်ဆန္ဒပြမှုများလုပ်ဆောင်ခဲ့ကြသည်။

ထမ်းဆောင်ဆဲ တရားသူကြီးများသည် ၂၀၂၅သို့မဟုတ် ၂၀၂၇ တွင် ရွေးကောက်ပွဲဝင်ရမည့် အနေအထား ဖြစ်လာသည်။

“အဂတိလိုက်စားမှုနဲ့ အပြစ်ပေးမခံရတာတို့ အဆုံးသတ်သွားစေဖို့ အလွန်အရေးကြီးပါတယ်။ တရားသူကြီးတွေ၊ ရာဇဝတ်တရားသူကြီးတွေ၊ တရားရုံးတရားသူကြီးတွေကို လွတ်လပ်စွာရွေးကောက်တဲ့ မက္ကဆီကို ပြည် သူတွေနဲ့ပတ်သက်ပြီးပြောရရင် ကျွန်တော်တို့ဟာ ကြီးမားတဲ့တိုးတက်မှုကိုရလိမ့်မယ်”ဟု ၎င်းက နံနက်ခင်း သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။     

Ref: AFP

Most Read

Most Recent