တိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေပြီး လူပေါင်းသန်းချီ ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရ

တိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေပြီး လူပေါင်းသန်းချီ ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရ
စက်တင်ဘာ ၁၁ ရက်က ထိုင်းနိုင်ငံချင်းရိုင်မြို့တွင် ရေဘေးသင့်ပြည်သူများကို လှေဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းပေးနေစဉ်(Photo: AFP)
စက်တင်ဘာ ၁၁ ရက်က ထိုင်းနိုင်ငံချင်းရိုင်မြို့တွင် ရေဘေးသင့်ပြည်သူများကို လှေဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းပေးနေစဉ်(Photo: AFP)
Published 12 September 2024

အရှေ့တောင်အာရှတွင် တိုင်ဖွန်းယာဂီတိုက်ခိုက်ခဲ့ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေပြီး လျှပ်စစ်ဓာတ်အားများပြတ်တောက်ခြင်း၊ အခြေခံအဆောက်အအုံများ ထိခိုက်ခြင်းတို့နှင့် အတူ လူပေါင်းသန်းချီ ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေရပြီး သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။

မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရသည့် ဗီယက်နမ်တွင်  သေဆုံးသူ ၁၉၇ ဦး၊ ထိုင်းတွင် သေဆုံးသူ ကိုးဦးရှိခဲ့ကာ ထိုင်းနိုင်ငံမြောက်ပိုင်း၏သမိုင်းတစ်လျှောက် ခရိုင်တစ်ခုထဲ၌ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်ခဲ့သည်။

ယာဂီမုန်တိုင်းသည် ပြီးခဲသည့် သီတင်းပတ်ကုန်က ဗီယက်နမ်ကို ဝင်ရောက်ခဲ့သဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်၊ လာအို၊ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အေဂျင်စီ(UNICEF)ကမူ တိုင်ဖွန်းမုန် တိုင်းတိုက်ခတ်မှုကြောင့် ဗီယက်နမ်၏ ပြည်နယ် ၂၆ ခုရှိ လူနေအိမ် ၁၄၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် နေရာဒေသများရှိ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ကျန်းမာရေးစင်တာများသို့ သောက်သုံးရေများ ထောက်ပံ့ပေးခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ဆေးဝါးများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများကို ဗီယက်နမ်အစိုးရအား ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် ဗီယက်နမ်၏ စိုက်ခင်းဟက်တာ ၂၅၀၀၀၀ ကျော်နှင့် မွေးမြူရေးခြံများ ပျက်စီးခဲ့ကြောင်း ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မဲခေါင်မြစ်ကော်မရှင်ကလည်း အာအိုနိုင်ငံ၏ သမိုင်းဝင်လူအန်ပရာဘန်မြို့တွင် ရေလွှမ်းမိုးမှုသတိပေးချက်ကို စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လူအန်ပရာဘန်မြို့ရှိ မဲခေါင်မြစ်အပိုင်းတွင်  မြစ်ရေများ မြင့်တက်လာဖွယ်ရှိကြောင်း မဲခေါင်မြစ်ကော်မရှင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံချင်းမိုင်ပြည်နယ်တွင် မြေပြိုမှုများကြောင့် လူခြောက်ဦးသေဆုံးမှုအပါအဝင် သေဆုံးသူအရေအတွက် ကိုးဦးအထိမြင့်တက်ခဲ့ကြောင်း ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာနကပြော ကြားခဲ့သည်။

ချင်းမိုင်၏ အရှေ့မြောက် ၁၄၅ ကီလိုမီတာ (မိုင် ၉၀) အကွာတွင်တည်ရှိသည့် ချင်းရိုင်မြို့ရှိ လေဆိပ်တွင် လေကြောင်းခရီးစဉ်များအားလုံးကို ဆိုင်းင့ံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသည့်မယ့်ဆိုင်ခရိုင်တွင်လည်း နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုနှင့်ရင်ဆိုင်နေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထိပ်သီးအရာရှိတစ်ဦးဖြစ်သူ ဆူတီပွန်း ဂျူလ်ဂျာရန်က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ရေဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့မှုများ ပေးပို့ရန်နှင့် လှေများပေးပို့ရန် စစ်တပ်ကို ဆော်သြစည်းရုံးခဲ့သည်။

ဘုန်းကြီးကျောင်းများ၊ ဟိုတယ်များနှင့် အပန်းဖြေစခန်းများသည် နေအိမ်များမှထွက်ပြေးလာသည့် လူပေါင်း ၁၀၀၀ နီးပါးအတွက် ခိုလှုံခွင့်ပြုထားသည်။

အရှေ့တောင်အာရှတွင် နှစ်စဉ်နှစ်တိုင်း  မုတ်သုံမိုးများသည်းထန်စွာရွာသွန်းလေ့ရှိသော်လည်း လူသားများကြောင့်ဖြစ်ပွားခဲ့သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ကြောင့် မိုးလေဝသဖြစ်စဉ်များကို ပိုမိုဆိုးရွား ပြင်းထန်စေခဲ့ကာ သဘာဝဘေးများ မကြာခဏဖြစ်ပွားလာပြီး မုန်တိုင်းများလည်း ကုန်း တွင်ပိုင်းဝင်ရောက်တိုက်ခိုက်မှုကြာချိန်မှာ ပိုမိုကြာမြင့်လာခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။                   Ref: AFP

Most Read

Most Recent