ရွှေဈေးကွက်အတွင်းရှိ လေပတ်ကားသမားများကဲ့သို့ ဒေါ်လာဈေးကွက်တွင်လည်း လေပတ်ကားသမားများကြောင့် ငွေဈေးအတက်အကျ ပြင်းထန်နေ

ရွှေဈေးကွက်အတွင်းရှိ လေပတ်ကားသမားများကဲ့သို့ ဒေါ်လာဈေးကွက်တွင်လည်း လေပတ်ကားသမားများကြောင့် ငွေဈေးအတက်အကျ ပြင်းထန်နေ
Published 12 September 2024

ရွှေဈေးကွက်အတွင်းရှိ လေပတ်ကားသမားများကဲ့သို့ ဒေါ်လာဈေးကွက်တွင်လည်း လေပတ်ကားသမားများကြောင့် ငွေဈေးအတက်အကျ ပြင်းထန်နေကြောင်း၊ ယင်း၏အကျိုးဆက်အဖြစ် ကုန်ဈေးနှုန်းမတည် ငြိမ်မှုများဖြစ်စေကြောင်း သိရသည်။

သြဂုတ်လအတွင်း ပြင်ပငွေလဲနှုန်းများအရ အမြင့်ဆုံးဈေးနှုန်းမှာ သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၂၀၀ အထိမြင့်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ဒေါ်လာငွေလဲနှုန်းမှာ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဈေးနှုန်းများအရ သြဂုတ် ၁၄ ရက် တစ်ရက်တည်းမှာပင် ကျပ် ၆၀၀ ဝန်းကျင်ကျဆင်းခဲ့ပြီး ဒေါ်လာဈေးနှုန်းကျဆင်းမှုမှာ ဆက်တိုက်ဖြစ်ပွားခဲ့ရာ သုံးရက်အတွင်း ကျပ်တစ်ထောင်ကျော်သို့ ကျဆင်းခဲ့သည်။

သြဂုတ် ၁၅ ရက်ညပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၄၀၀-၅၆၀၀ ဝန်းကျင်သို့ ထပ်မံကျဆင်းခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းတွင်မူ ဒေါ်လာဈေးမှာ ဆက်လက်ကျဆင်းလာခြင်းမရှိဘဲ ဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်ငါးထောင်အထက်တွင်သာရှိနေခဲ့သည်။

စက်တင်ဘာ ၉ ရက်ညနေပိုင်းတွင် အနိမ့်ဆုံးကျဆင်းမှုအဖြစ် တစ်ဒေါ်လာလျှင် ကျပ် ၄၉၀၀ နှင့် ၄၈၀၀ ကျပ်အကြားသို့ရောက်ရှိခဲ့ပြီး ဈေးဆွဲတင်ကစားမှုများကြောင့် ညတွင်းချင်းမှာပင် တစ်ဒေါ်လာ ကျပ် ၅၁၀၀ အထိ မြင့်တက်သွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် ဒေါ်လာဈေးနှုန်းမှာ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အတက်အကျမငြိမ်ကာ တစ်ဒေါ်လာလျှင်ကျပ် ၅၂၅၀ နှင့် ၅၃၅၀ ကြားတွင် ရှိနေခဲ့သည်။

ဒေါ်လာဈေးနှုန်း ကျဆင်းမည့်အရိပ်အယောင်များ ရှိခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအစိုးရအနေဖြင့် ဒေါ်လာအစား FEC ငွေကြေး ရိုက်ထုတ်သုံးစွဲမည်ဆိုသည့် ကောလဟာလများနှင့် မမှန်သတင်းများလွှင့်မှုများ ရှိခဲ့ပြီး လေပတ်ကားသမားများက ဒေါ်လာဈေးဆွဲတင်ရန် ကြိုးစားခဲ့သည်။

ဒေါ်လာပုံစံ FEC ကဲ့သို့ ငွေကြေးများ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်မည်ဆိုသော သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ အဆိုပါသတင်းများသည် မှန်ကန်မှုမရှိကြောင်း အသိပေးအပ်ပါသည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၉ ရက်တွင် ဖြေရှင်းပြောကြားခဲ့သည်။

ဒေါ်လာငွေလဲနှုန်းမှာ ကျရိပ်ပြနေသော်လည်း ရွှေဈေးကွက်ကဲ့သို့ပင် လေပတ်ကားရောင်းဝယ်သူများကြောင့် ဒေါ်လာပြင် ပဈေးနှုန်းမှာ ကျဆင်းလာခြင်းမရှိကြောင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

“အခုချိန်မှာ ငွေဈေးအတက်အကျက လေပတ်ကားသမားတွေကြောင့် အဓိက ကမောက်ကမ ဖြစ်နေရတာ။ တစ်ဒေါ်လာ ကျပ်ခုနစ်ထောင်ကျော်ကနေ ငါးထောင်ကျော်ကို ပြန်ရောက်လာတယ်။ တစ်ကယ်ဆိုရင် အခုချိန်က ဆက်ကျရမှာ။ ငါးလပိုင်းတုန်းကလိုပဲ အစိုးရသတ်မှတ်ဈေးနားဖြစ်တဲ့ လေးထောင်အောက်ထိ ပြန်ဆင်းရမှာ။ ဈေးကွက်မှာ ဒေါ်လာအ‌ရေးတကြီး လိုအပ်တဲ့သူ အခုချိန်မှာ မရှိနိုင်ဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်ပသို့ ကျောင်းသွားတက်သူများ ကျောင်းလခသွင်းရမှုမရှိသလောက် နည်းပါးသွားခြင်း၊ စက်သုံးဆီသမားများအတွက် အစိုးရက ဒေါ်လာများ ဈေးကွက်အတွင်းသို့ ရောင်းချပေးခြင်း၊ စစ်ရေးအခြေအနေမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ပြီးနောက်ပိုင်းတွင် တည်ငြိမ်စပြုလာခြင်း၊ ထိုင်းသို့ ကွန်ဒိုသွားရောက်ဝယ်ယူသူများမှာ ယခင်ကဲ့သို့ များပြားမှုမရှိခြင်း အစရှိသည့်အခြေအနေများ မှာ နိုင်ငံခြားငွေလဲနှုန်းကို ကျဆင်းစေသည့် အကြောင်းများဖြစ်သော်လည်း လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် ထပ်မံကျဆင်းခြင်းမရှိသည်ကို တွေ့ရသည်။

“ကျောင်းလခတွေ ပေးဖို့ ဒေါ်လာလိုတဲ့ ရာသီလည်း မဟုတ်တော့ဘူး။ ဆီပြသနာကလည်း အထိုက်အလျောက် ပြေလည်နေပြီ။ အစိုးရက ဆီသမားတွေကို ဒေါ်လာသန်း တစ်ရာကျော် ရောင်းပေးပြီး ဆီပြသနာလည်း ငြိမ်နေပြီ။ စစ်ရေးအခြေနေကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည်လာပြီး နောက်ပိုင်းမှာ တည်ငြိမ်စပြုနေပြီ။ အရင်လို မပြင်းထန်တော့ဘူး။ ဒါကြောင့် ပိုက်ဆံရှိတဲ့သူတွေ ဒေါ်လာဝယ်ပြီး ရွှေ့ပြောင်းဖို့ ပြင်တဲ့ကိစ္စတွေ အရင်လောက်မရှိတော့ဘူး။ ထိုင်းမှာဆိုရင်လည်း ကွန်ဒိုတွေက အမြင့်ဈေးတွေဖြစ်နေပြီ။ အရောင်းအဝယ် အရင်လို မဟုတ်တော့ဘူး။ ဒီလိုအခြေနေမှာ ဒေါ်လာကို လေပတ်ကားလုပ်ပြီး ဈေးကစားသူ တွေရှိနေလို့ ငွေကြေးက ကမောက်ကမဖြစ်နေရတာ။ ဒေါ်လာဈေး ၆၀၀၀ ကျော် ၇၀၀၀ မှာဝယ်ပြီး ဂျင်းမိသူတွေ၊ ငွေကြေးအကြီးအကျယ် ကစားသူတွေ ရွှေလိုပဲ ဒေါ်လာ လေပတ်ကားသမားတွေကြောင့် ဒေါ်လာဈေးက အတက်အကျကြမ်းနေရတာ။ သူတို့ကြောင့် ကုန်ဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်ပြီး ကမောက်ကမ ဖြစ်နေတာ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

စက်သုံးဆီဈေးကွက်အတွင်း အစိုးရက ဒေါ်လာများကို ရောင်းချပေးရာတွင် သြဂုတ်လဆန်းပိုင်းတွင် ဒေါ်လာသန်း ၁၀၀ ကျော်ကို ပံ့ပိုးပေးမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ကြေညာအပြီး နောက်ပိုင်းတွင် ဈေးကွက်အတွင်း ဒေါ်လာများကို ဆက်တိုက်ရောင်းချပေးခဲ့သည်ကို တွေ့ရသည်။

သြဂုတ်လမှ စက်တင်ဘာလအထိ ဈေးကွက်အတွင်း စုစုပေါင်းဒေါ်လာ ၂၀၁ ဒသမ ၉ သန်းကျော် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားခဲ့သည်ကို ဗဟိုဘဏ်က ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းက ရွှေဈေးကွက်အတွင်း ဈေးဆွဲတင်ကစားသူများကို အစိုးရက ဖမ်းဆီးအရေးယူခဲ့ပြီးနောက်ပိုင်းတွင် ရွှေဈေးနှုန်းများ ကျဆင်းခဲ့ရာ ဒေါ်လာဈေးကွက် အတွင်းတွင်လည်း အလားတူလုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

“အစိုးရအနေနဲ့ တရားဝင်ရွှေဆိုင်တွေကို အရေးယူခဲ့သလို၊ ဒေါ်လာလေပတ်ကားတွေ၊ ငွေဈေးကစားသူတွေကို သေသေချာချာ ကိုင်တွယ်တာမတွေ့ရဘူး။ ငွေကြေး ကမောက်ကမ မဖြစ်ဖို့ ဟွန်ဒီ အကြီးအကျယ် လုပ်နေသူတွ၊ ဈေးကစားနေသူတွေ၊ ရွှေလိုပဲ ဒေါ်လာလေပတ်ကားတွေကို ထိထိရောက်ရောက်အရေးယူဖို့ လိုမယ်၊ မဟုတ်ရင် ဒေါ်လာအတက်အကျ ပြင်းထန်ပြီး ကုန်ဈေးနှုန်း မတည်မငြိမ်မှုဖြစ်စေပြီး အများပြည်သူ ဒုက္ခရောက်စေလိမ့်မယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားသည်။

Most Read

Most Recent