ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ပယ်ထုံထန်ရှင်နာဝပ် ကျမ်းသစ္စာကျိန်ဆို

ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ပယ်ထုံထန်ရှင်နာဝပ် ကျမ်းသစ္စာကျိန်ဆို
Published 7 September 2024

ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးမျိုးဆက်ကို ဆက်ခံသူဖြစ်သည့် ပယ်ထုံထန်ရှင်နာဝပ်သည် စက်တင်ဘာ ၆ ရက်က ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

သို့ဖြစ်ရာ ၎င်း၏ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင် ရာထူးမှဖြုတ်ချခံရမှုနှင့် အဓိကအတိုက်အခံပါတီ ဖျက်သိမ်းခံရမှုတို့ကြောင့် တစ်လကြာ မတည်ငြိမ်သည့် အခြေအနေများ ဖြစ်ပွားခဲ့ခြင်းကို အဆုံးသတ်စေခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူ ပယ်ထုံထန်သည် စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က တံခါးပိတ်ကျင်းပခဲ့သည့် အခမ်းအနား၌ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်နှင့် အဒေါ်ဖြစ်သူ ယင်လက်ရှင်နာဝပ်တို့နောက်ပိုင်း ၃၈ နှစ်အရွယ် ပယ်ထုံထန်သည် လွန်ခဲ့သော ၂၃ နှစ်အတွင်း ထိုင်းနိုင်ငံကို ဦးဆောင်ခဲ့သည့် ရှင်နာဝပ် နိုင်ငံရေးမျိုးဆက်၏ တတိယမျိုးဆက်ဖြစ်သည်။

ရုပ်သံမှထုတ်လွှင့်သည့် မိန့်ခွန်းပြောကြားမှုအတွင်း ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ပယ်ထုံထန်၏ အစိုးရသစ်ကို ဂုဏ်ပြုခဲ့ပြီး သင်၏တာဝန်ဝတ္တရားများကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရဖူးသည့် ပုဂ္ဂိုလ်တစ်ဦးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုအတွက် ဖြူထိုင်းပါတီမှ ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်အား ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ်လလယ်၌ ရာထူးမှဖယ်ရှားခဲ့ပြီးနောက်တွင် ပယ်ထုံထန် ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ပယ်ထုံထန်သည် နိုင်ငံရေးမရေရာမှုများ တဝဲလည်လည် ရှိနေခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေသော

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားအကြီးဆုံး ထိုင်းနိုင်ငံကို ဦးဆောင်ရမည်ဖြစ်သည်။

အဖွဲ့ဝင် ၃၆ ဦးပါဝင်သော သူ၏အစိုးရအဖွဲ့တွင် အမျိုးသမီးရှစ်ဦးအထိ စံချိန်တင်ပါဝင်ခဲ့ကြောင်း Thai PBS ရုပ်သံ၏ ဖော်ပြချက်အရ သိရသည်။ 

နိုင်ငံရေးနှင့်ပတ်သက်၍ မျက်နှာသစ်တစ်ဦးဖြစ်သည့် ပယ်ထုံထန်က ၎င်းအား အခွင့်အရေးပေးရန် ဖြူထိုင်းပါတီ၏ ပြိုင်ဘက်များကို တိုက်တွန်းပန်ကြားခဲ့သည်။

"ကျွန်မကို သက်ညှာပေးကြပါ။ ကျွန်မကို တရားစွဲဆိုတာတွေမလုပ်ပါနဲ့။ ကျွန်မ အကောင်းဆုံးကြိုးစားသွားပါ့မယ်" ဟု ပယ်ထုံထန်က ပြောကြားခဲ့သည်။

သက်ဆင်နှင့် ထိုင်းနိုင်ငံ၏ ရှေးရိုးစွဲဝါဒီ ဘုရင်စနစ်ထောက်ခံသူနှင့် စစ်တပ်အသိုင်းအဝိုင်းအကြား အာဏာလွန်ဆွဲအားပြိုင်မှုသည် ထိုင်းနိုင်ငံရေးလောကကို ဆယ်စုနှစ်များနှင့်ချီကာ လွှမ်းမိုးထားခဲ့သည်။

ဘီလျံနာတစ်ဦးနှင့် တစ်ချိန်က မန်ချက်စတာစီးတီးအသင်းပိုင်ရှင် ဖြစ်ခဲ့ဖူးသည့် အသက် ၇၅ နှစ်အရွယ် သက်ဆင်သည် ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများက ၎င်း၏လူမှုဖူလုံရေး မူဝါဒများကြောင့် ဆင်းရဲနွမ်းပါးသော ထိုင်းပြည်သူသန်းပေါင်းများစွာ၏ ချစ်ခင်မှုကို ရရှိခဲ့သည်။

သို့သော် ဩဇာရှိ အထက်တန်းလွှာများက သက်ဆင်အား ကာလကြာမြင့်စွာ မုန်းတီးခဲ့ကြပြီး သက်ဆင်အား အကျင့်ပျက်ခြစားသူ၊ ထိုင်းနိုင်ငံ၏ လူမှုရေးစနစ်ကို ဖျက်ဆီးလိုသူဟု စွပ်စွဲခဲ့ကြသည်။ Ref: AFP 



 

Most Read

Most Recent