မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူရန် အသင့်မဖြစ်သေးကြောင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဝန်ခံ

မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူရန် အသင့်မဖြစ်သေးကြောင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 5 September 2024

 

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က မိမိတို့အသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူရန် အသင့်မဖြစ်သေးကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ပရီးမီးယားလိဂ်တွင် ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့် (၈) သာ ရရှိခဲ့သည့် မန်ယူအသင်းသည် ယခုရာသီအစတွင်လည်း ရုန်းကန်နေရသည်။ မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃)အပြီးတွင် (၁) ပွဲသာ အနိုင်ရပြီး (၂) ပွဲအထိ ရှုံးထားကာ လီဗာပူးလ်အသင်းကို အိမ်ကွင်း တွင် (၀-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲမှာ စိတ်ပျက်စရာအကောင်းဆုံးပွဲ ဖြစ်ခဲ့သည်။ 

မန်ယူအသင်း အနေဖြင့် ယခုနွေတွင် ပေါင်သန်း (၂၀၀) ကျော် အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူထားသော်လည်း ယခုကဲ့သို့ ခြေစွမ်းမပြနိုင်သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ယခုအခါ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ၎င်းတို့အသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူရန် အသင့်မဖြစ်သေးကြောင်း DAZN ရုပ်သံသို့ ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော်တို့ အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ အသင့်မဖြစ်သေးဘူးဆိုတာကို ကျွန်တော် သတိထားမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေရဖို့ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်အဆင့် (၄) အတွင်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေအတွက်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူချင်တဲ့ ကျွန်တော့်အိပ်မက်အတွက်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အများကြီးတိုးတက်ဖို့ လိုအပ်နေသေးတာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဘရူနိုဖာနန်ဒက်စ်က လီဗာပူးလ်အား ဂိုးပြတ်ရှုံးနိမ့်သည့်ပွဲ၌ အမှားများခဲ့ခြင်းကြောင့် ဝေဖန်ခံနေရသည့် အသင်းဖော် ကက်စီမီရိုကိုလည်း ကာကွယ်ခဲ့ပြီး အသင်းလိုက်တိုးတက်ရန် လိုနေကြောင်းလည်း ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄)အဖြစ် စက်တင်ဘာ (၁၄)ရက်တွင် ဆောက်သမ်တန်နှင့်ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent