ဂါဇာ၌ အစ္စရေး ဓားစာခံခြောက်ဦး သေဆုံးသွားကိစ္စနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို နိုင်ငံတကာနှင့် ပြည်တွင်းဖိအားပေးမှုများ ပိုမိုမြင့်တက်လာ

ဂါဇာ၌ အစ္စရေး ဓားစာခံခြောက်ဦး သေဆုံးသွားကိစ္စနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို နိုင်ငံတကာနှင့် ပြည်တွင်းဖိအားပေးမှုများ ပိုမိုမြင့်တက်လာ
Photo-AFP
Photo-AFP
Published 3 September 2024

ဂါဇာကမ်းမြောင်၌ ဓားစာခံခြောက်ဦး သေဆုံးသွားခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် နိုင်ငံတကာနှင့်ပြည်တွင်း ဖိအားပေးမှုတို့ မြင့်တက်လာသည်ကို ရင်ဆိုင်နေရပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နေတန်ယာဟုသည် ဓားစာခံများ လွတ်မြောက်အောင်ဆောင်ရွက်ရာ  တွင် လုံလောက်မှုမရှိဟု ပြောကြားခဲ့သည်။

အစ္စရေးသို့ လက်နက်အချို့တင်ပို့ခြင်းကို ရပ်ဆိုင်းသွားမည်ဟု စက်တင်ဘာ ၂ ရက်တွင် ဗြိတိန်က ပြောကြားခဲ့ပြီး နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ရာတွင် အဆိုပါ လက်နက်များကို အသုံးပြုနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။

ဗြိတိန်၏ဆုံးဖြတ်ချက်ကြောင့် အလွန်စိတ်ပျက် အားငယ်စရာဖြစ်ရသည်ဟု အစ္စ ရေးကာကွယ်ရေးဝန်ကြီးယိုအက်ဂါးလန့်က ပြောကြားခဲ့သည်။ နောက်ဆုံးသေဆုံးသွားသော ဓားစာခံများကို မကယ်တင်နိုင်ခဲ့သည့်အတွက် ၎င်းအား ခွင့်လွတ်ပေးပါဟု ဂါးလန့်က ပြောကြားခဲ့သည်။

“အဲဒီအတွက် ဟားမာ့စ်ဟာ အလွန်ကြီး မားတဲ့တန်ဖိုးကို ပေးဆပ်ရပါလိမ့်မယ်”ဟု ရုပ်သံထုတ်လွှင့်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့သည်။ ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် အစ္စရေးက အလျှော့ပေးမှုများ လုပ်မည်မဟုတ်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

အစ္စရေးက ဂါဇာတွင် စစ်ရေးဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက  ကျန်နေသော ဓားစာခံများသည် အခေါင်းများဖြင့် ပြန်လာကြရလိမ့်မည်ဟု ဟားမာ့စ်အဖွဲ့ခွဲ အက်ဇီဒိုင်းအယ်လ်ကာဆမ်တပ်ရင်းအတွက် ပြောရေးဆိုခွင့်ရှိသူ အဘူအိုဘေဒါက ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့များ ချဉ်းကပ်လာမည်ဆိုပါက ဓားစာခံများကို စောင့်ရှောက်နေ သောစစ်သွေးကြွများထံ ညွှန်ကြားချက်အသစ်များပေးထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် အဘူဘေဒါက ဖော်ပြထားသည်။

၀ါရှင်တန်တွင် သမ္မတဂျိုးဘိုင်ဒင်သည်  အမေရိကန်စေ့စပ်ညှိနှိုင်းရေးသမားများနှင့်တွေ့ဆုံခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ကာတာ၊အီဂျစ်တို့နှင့်အတူ ဂါဇာအပစ်အခတ်ရပ်စဲရေးကိစ္စ၊ အစ္စရေးတွင်ထိန်း သိမ်းခံထားရသော ပါလက်စတိုင်းအကျဉ်းသားများကို ဂါဇာတွင် ကျန်ရှိနေသော ဓားစာခံများနှင့်လဲလှယ်ကာ ဓားစာခံများပြန်လွတ်လာအောင် ဆောင်ရွက်ရေးကိစ္စတို့အား ဆွေးနွေးလျက်ရှိသည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် ဓားစာခံများပြန်လည်လွတ်မြောက်လာအောင်ဆောင်ရွက်ရာတွင် လုံလောက်မှုမရှိဟု သမ္မတဘိုင်ဒင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဟားမာ့စ်ဘက်က အလျှော့ပေးတာတွေ လုပ်ရပါမယ်”ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ နေတန်ယာဟုသည် အာဏာကြာကြာမြဲနေဆဲရေးအတွက် စစ်ပွဲကိိုအချိန် ကြာအောင်လုပ်နေခြင်းဖြစ်သည်ဟု ၎င်းအား ဝေဖန်နေသူများက ပြောကြားခဲ့သည်။

အစ္စရေးစစ်သားများသည် သြဂုတ် ၃၁ ရက်တွင် ဂါဇာတောင်ပိုင်းရာဖာဒေသရှိ မြေအောက် ဥမင်လိုဏ်ခေါင်းထဲမှ ဓားစာခံအလောင်းခြောက်လောင်းကို ပြန်လည်ရရှိခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။                                            

Ref: AFP

Most Read

Most Recent