စစ်ရာဇဝတ်မှု စွပ်စွဲချက်များအကြား ရုရှားသမ္မတ ဗလာဒီမာပူတင် မွန်ဂိုလီးယားသမ္မတနှင့် တွေ့ဆုံ

စစ်ရာဇဝတ်မှု စွပ်စွဲချက်များအကြား ရုရှားသမ္မတ ဗလာဒီမာပူတင် မွန်ဂိုလီးယားသမ္မတနှင့် တွေ့ဆုံ
စက်တင်ဘာ ၃ ရက်က မွန်ဂိုလီးယားနိုင်ငံ၏မြို့တော် အူလန်ဘာတာတွင် ပြုလုပ်သည့် တရားဝင် ကြိုဆိုပွဲအခမ်းအနား၌ ရုရှားသမ္မတ ဗလာဒီမာပူတင်(ယာ)နှင့် မွန်ဂိုလီးယားသမ္မတ(ဝဲ)တို့ကို တွေ့ရစဉ်(Photo: AFP)
စက်တင်ဘာ ၃ ရက်က မွန်ဂိုလီးယားနိုင်ငံ၏မြို့တော် အူလန်ဘာတာတွင် ပြုလုပ်သည့် တရားဝင် ကြိုဆိုပွဲအခမ်းအနား၌ ရုရှားသမ္မတ ဗလာဒီမာပူတင်(ယာ)နှင့် မွန်ဂိုလီးယားသမ္မတ(ဝဲ)တို့ကို တွေ့ရစဉ်(Photo: AFP)
Published 3 September 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စက်တင်ဘာ ၃ ရက်က မွန်ဂိုလီးယားနိုင်ငံ၏ မြို့တော်အူလန်ဘာတာတွင် မွန်ဂိုလီးယား သမ္မတနှင့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)က ပူတင်အား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ ပြီးနောက်ပိုင်း ၎င်းအနေဖြင့် ICC အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂ ရက်၊ ညပိုင်းက ၎င်း၏ အထင်ကရခရီးစဉ်စတင်သည့်အနေဖြင့် သမ္မတပူတင် အူလန်ဘာတာသို့ ရောက်ရှိလာစဉ် မွန်ဂိုလီးယားက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ ယင်းသည် ပူတင်အား ဖမ်းဆီးရန် ICC ၊ ယူကရိန်း၊ အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ တောင်းဆိုမှုအား အန်တုသည့်လုပ်ရပ်အဖြစ် ရှုမြင်ခံနေရသည်။

ထို့နောက် ပူတင်သည် ဆွတ်ဘာတာ ရင်ပြင်ဟုလည်း လူသိများသည့် ကြီးကျယ်ခမ်းနားသော ဂျင်ဂျစ်ခန်ရင်ပြင်၌ မွန်ဂိုလီးယား သမ္မတအူခနာဂင်း ခူရယ်လ်ဆွတ်နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ ရင်ပြင်၌ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး နေရာယူထားပြီးနောက် ရိုးရာဝတ်စုံဝတ်ဆင်ထားသော မွန်ဂိုလီးယားစစ်သားများ ချီတက်နေစဉ် စစ်ဘင်ခရာတီးဝိုင်းက စစ်သွေးစစ်မာန် တက်ကြွစေသည့် သီချင်းများ၊ ရုရှားနှင့် မွန်ဂိုလီးယားတို့၏ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းအား ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကလေးငယ်များကို ဥပဒေမဲ့ နှင်ထုတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ရုရှားခေါင်းဆောင်အားသည် ဟိဂ်မြို့ အခြေစိုက် ICC ခုံရုံးက အလိုရှိနေ ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံက ထိုခရီးစဉ်အား ဒေါသတကြီး ဝေဖန်ခဲ့ပြီး မွန်ဂိုလီးယား အာဏာပိုင်များသည် လေဆိပ်တွင် ပူတင်အား ဖမ်းဆီးထိန်းသိမ်းခြင်း မရှိသည့်အတွက် မွန်ဂိုလီးယားသည် ပူတင်၏ စစ်ရာဇဝတ်မှုများအတွက် တာဝန်မျှယူနေခြင်းဖြစ်သည်ဟုလည်း စွပ်စွဲထားသည်။

ဖမ်းဝရမ်းအတိုင်း ဆောင်ရွက်ရန် ယူကရိန်းက မွန်ဂိုလီးယားကို တိုက်တွန်းခဲ့ကာ ICC ကလည်း အဖွဲ့ဝင်နိုင်ငံအားလုံးသည် တရားရုံးကအလိုရှိနေသူများကို ဖမ်းဆီးထိန်းသိမ်းရမည့် တာဝန်ရှိသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

မွန်ဂိုလီးယားသည် ရုရှားနှင့် ယဉ်ကျေးမှုချင်းနီးနီးကပ်ကပ် ဆက်နွှယ်နေသကဲ့သို့ တရုတ်နိုင်ငံနှင့်လည်း အလွန်အရေးပါသော ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ဆိုဗီယက်ခေတ်က မွန်ဂိုလီး ယားသည် ရုရှား၏ သြဇာလွှမ်းမိုးမှုအောက်တွင် တည်ရှိခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် မွန်ဂိုလီးယားသည် ရုရှားနှင့်သာမက တရုတ်နိုင်ငံနှင့်လည်း ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သည်။

မွန်ဂိုလီးယားသည် ရုရှားက ယူကရိန်းအား ထိုးစစ်ဆင်မှုကို ရှုတ်ချခဲ့ခြင်းမရှိဘဲ ကုလသမဂ္ဂ၌ ယူကရိန်းအရေးနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်မှုများတွင်လည်း မဲမပေးဘဲကြားနေခဲ့သည်။

ငါးနှစ်အတွင်း မွန်ဂိုလီးယားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပူတင်၏ခရီးစဉ်အတွက် စက်တင်ဘာ ၃ ရက်က ဂျင်ဂျစ်ခန်ရင်ပြင်၌ မွန်ဂိုလီးယားနှင့် ရုရှားအလံတို့ကို စိုက်ထူကာ အလှဆင်ထားကြောင်း သိရသည်။                      

Ref: AFP

Most Read

Most Recent