ယူကရိန်း၏ ဒရုန်း ၁၅၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှား ပြောကြား

ယူကရိန်း၏ ဒရုန်း ၁၅၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှား ပြောကြား
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းနိုင်ငံ ခါကိဗ်မြို့အပြင်ဘက်တွင် စစ်လက်နက်ပစ္စည်းများ ပြင်ဆင်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo:AP)
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းနိုင်ငံ ခါကိဗ်မြို့အပြင်ဘက်တွင် စစ်လက်နက်ပစ္စည်းများ ပြင်ဆင်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo:AP)
Published 1 September 2024

ရုရှားနိုင်ငံ၏ မော်စကိုမြို့တော်တွင် ယူကရိန်း၏ ဒရုန်းနှစ်စင်းအပါအဝင် ရုရှား၏ ဒေသ ၁၅ ခုတွင် ယူကရိန်း၏ ဒရုန်း ၁၅၈ စင်းကို ပစ်ချနိုင်ခဲ့ပြီး ယူကရိန်း၏ ကြီးမားသည့် ဒရုန်းတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ကြောင်း ရုရှားက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုဒရုန်းတိုက်ခိုက်မှုတွင် မော်စကိုမြို့အနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ရုံ နှင့် ရေနံချက်စက် ရုံတစ်ရုံ ထိမှန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဒရုန်း  ၁၂၂ စင်းကို ကာ့စ်၊ ဘာယန့်စ်၊ ဗော်ရိုနက်ဇ်နှင့် ယူကရိန်းနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဘယ်လ်ဂိုရော့ ဒေသများတွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ ဘာယန့်စ်နယ်နိမိတ်ပေါ်မှာ ကြီးမားတဲ့ ဒရုန်းတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပါတယ်”ဟု ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဘိုဂိုမက်ဇ်က ပြောကြားခဲ့သည်။

ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ရုရှားက ဒရုန်းအစင်းပေါင်း ၂၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းသည် ရုရှား၏ ကာ့စ်ဒေသကို ဝင်ရောက်တိုက်ခိုက်နေချိန်တွင် ရုရှားကလည်း ယူကရိန်း၏ အရှေ့ပိုင်းတွင် ထိုးစစ်ကို အရှိန်မြှင်တင်လျက်ရှိသည်။

ပြီးခဲ့သည်လက ယူကရိန်းနှင့် ရုရှားအကြား ရာနှင့်ချီသည့် စစ်သုံ့ပန်းများ လဲလှယ်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။ယူကရိန်း၏ လွတ်လပ်ရေးနေ့ဖြစ်သည့် သြဂုတ် ၂၄ ရက်တွင် ရုရှားနှင့် ယူကရိန်းအကြား စစ်သုံ့ပန်း ၁၀၀ ကျော်ကို လဲလှယ်ခဲ့ကြသည်။

ရုရှားမှ ပြန်လည်လွတ်မြောက်လာသည့် ယူကရိန်းစစ်မှုထမ်း ၁၁၅ ဦးသည် ဥပဒေအရ စစ်မှုထမ်းခဲ့သူများဖြစ်ပြီး အများစုသည် ရုရှား၏ ကျူးကျော်ဝင်ရောက်သည့် အစောပိုင်းလများတွင် အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

ယူကရိန်းမှ ပြန်လည်လွတ်မြောက်လာသည့် ရုရှားစစ်သား ၁၁၅ ဦးသည် ကာ့စ်ဒေသတွင် ဖမ်းဆီးခံရသည့် စစ်သားများဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယူအေအီးနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အဆိုပါ  အကျဉ်းသားလဲလှယ်ရေး အစီအစဉ်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား၏ ကျူးကျော်စစ်စတင်ခဲ့ပြီးနောက်ပိုင်း ၅၅ ကြိမ်မြောက် အကျဉ်းသားလဲလှယ်မှု ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

နှစ်နိုင်ငံအရာရှိများသည် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားများ၏ အလောင်းများနှင့် စစ်သုံ့ပန်းများကို လဲလှယ်ချိန်တွင်သာ တိုက်ရိုက်တွေ့ဆုံလေ့ရှိသည်။ လက်ရှိအချိန်ထိ စစ်သုံ့ပန်းများ မည်မျှဖမ်းဆီးထား သည်ဆိုခြင်းကို ယူကရိန်းနှင့် ရုရှားတို့က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ရုရှား၏ ဖမ်းဆီးခြင်းခံထားရသည့် ယူကရိန်းစစ်သုံ့ပန်းအများစုသည် ဆေးဝါးကုသမှု လျစ်လျူရှုခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် ထိန်းသိမ်းခံထားရချိန်တွင် ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကို ခံခဲ့ရသည်ဟု ကုလသမဂ္ဂ ကပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းကလည်း ရုရှားနှင့် ယူကရိန်းသည် ရာနှင့်ချီသည့် စစ်သုံ့ပန်းများကို လှဲလှယ်ခဲ့ကြသည်။                                   

Ref:AFP/AP

Most Read

Most Recent