တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ် များပြားလာခြင်းနှင့် အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူလာခြင်းတို့ကြောင့် MAI နှင့် Mingalar လေကြောင်းလိုင်း၏ မန္တလေးမြို့ရှိ လက်မှတ်အရောင်းရုံးခန်းအား ပိတ်သိမ်း

တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ် များပြားလာခြင်းနှင့် အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူလာခြင်းတို့ကြောင့် MAI နှင့် Mingalar လေကြောင်းလိုင်း၏ မန္တလေးမြို့ရှိ လက်မှတ်အရောင်းရုံးခန်းအား ပိတ်သိမ်း
Published 30 August 2024

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းအချက်အလက်များမှာ ဆီလျော်မှန်ကန်မှုမရှိကြောင်း လေကြောင်းလိုင်းက ငြင်းဆို

မန္တလေးမြို့တွင် MAI နှင့် Mingalar လေကြောင်းလိုင်းတို့၏ တရားဝင်လက်မှတ် အရောင်းကိုယ်စားလှယ်များ များပြားလာခြင်းနှင့် ခရီးသည်များက Online platform များမှတစ်ဆင့် တိုက်ရိုက်ဆက်သွယ် ဝယ်ယူ လာကြခြင်းတို့ကြောင့် MAI နှင့် Mingalar လေကြောင်းလိုင်း၏ မန္တလေးမြို့ရှိ လက်မှတ်အရောင်းရုံးခန်းအား ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှ စ၍ တရားဝင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း MAI နှင့် Mingalar လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

MAI နှင့် Mingalar လေကြောင်းလိုင်းအနေဖြင့် Online platform များနှင့် လက်မှတ်အရောင်းကိုယ်စားလှယ် များမှတစ်ဆင့် ပိုမိုထိရောက်စွာ ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ပြီး မန္တလေးရုံးခွဲပိတ်သိမ်းခြင်းနှင့် ပတ် သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော သတင်းအချက်အလက်များသည် ဆီလျော် မှန်ကန်မှု လုံးဝမရှိကြောင်း အသိပေးကြေညာချက်အား အဆိုပါသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးသည်များ၏ လက်မှတ်ဝယ်ယူခြင်းနှင့် အထွေထွေစုံစမ်းမေးမြန်းမှုများအတွက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လက်မှတ်အရောင်းရုံးခန်းအား ဆက်လက်ဖွင့့်လှစ်ထားရှိပြီး MAI နှင့် Mingalar လေကြောင်း၏ တရားဝင် ဝက်ဆိုဒ်စာမျက်နှာများဖြစ်သည့်  www.maiair.com နှင့် www.mingalaravation .com တို့တွင်လည်း လက်မှတ်များကို ကိုယ်တိုင်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။  ယင်းပြင် မန္တလေးမြို့ရှိ MAI နှင့် Mingalar လေကြောင်းလိုင်း၏ တရားဝင်လက်မှတ် အရောင်းကိုယ်စားလှယ်များနှင့် Hotline+ 950196 70007တွင်လည်း ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့အခြေပြုကာ ပြည်တွင်းရှိမြို့ကြီး ခုနှစ်မြို့သို့ လေကြောင်းခရီးစဉ်များ Myanmar Airways International နှင့် Mingalar လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက “မန္တလေးမြို့မှာက  MAI နဲ့ Mingalar လေကြောင်းလိုင်းရဲ့တရားဝင်လက်မှတ်အရောင်းကိုယ်စားလှယ်တွေ များပြားလာတာက တစ်ကြောင်း၊ ခရီးသည်တွေက Online platform တွေကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ် ဝယ်ယူလာကြတာတွေကြောင့် MAI နဲ့ Mingalar လေကြောင်းလိုင်းရဲ့ မန္တလေးမြို့လက်မှတ်အရောင်းရုံးခန်းအား စက်တင်ဘာ ၁ ရက်ကစပြီး တရားဝင် ပိတ်သိမ်းသွားမှာပါ”ဟု The Daily Eleven သတင်းစာသို့ သြဂုတ် ၃ဝရက်က ပြောကြားသည်။

MAI သည် Mingalar  လေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်းလျက် ၎င်းတို့၏ ဒုတိယအခြေပြု ပျံသန်းရာမြို့ ဖြစ်သည့် မန္တလေးမြို့မှ မြန်မာတစ်နိုင်ငံလုံးရှိ အချက်အချာနေရာများဖြစ်သည့် ရန်ကုန်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ပူတာအို၊ ဟုမ္မလင်းနှင့် ကလေးမြို့များသို့ ခရီးစဉ်များကို အပတ်စဉ် ချိတ်ဆက်ပျံသန်းနေပြီး ပြည်ပ ခရီးစဉ်များအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့ တိုက်ရိုက် ခရီးစဉ်များကို ပုံမှန်အတိုင်း နေ့စဉ်ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အခြေပြု ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ရပ်နားထားကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ်နေသော သတင်းများမှန်ကန်မှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း ပြည်တွင်းလေ             ကြောင်းလိုင်း တာဝန်ရှိသူများက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ရက်ကလည်း မန္တလေးသို့ထွက်ခွာမည့်  လေကြောင်းခရီးစဉ်နှင့် မန္တလေးမြို့မှ ထွက်ခွာမည့် လေကြောင်းခရီးစဉ်များအား ဖျက်သိမ်းထားကြောင်း ကောလာဟလသတင်းများ ပျံ့နှံ့ခဲဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အခြေပြုကာ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Myanmar Airways International ၊ Mingalar  ၊ Air Thanlwin နှင့် Mann Yadanarporn Airlines စသည့် ပြည်တွင်းလေကြောင်း လိုင်းငါးခုက လေကြောင်းခရီးစဉ်များအား ပုံမှန်ပျံသန်းနေခြင်း ဖြစ်သည်။

         

Most Read

Most Recent