နွေရာသီအပြောင်းအရွှေ့ကာလပြီးဆုံးရန် နောက်ဆုံးရက်သတ္တပတ်သို့ ရောက်ရှိချိန်တွင် ပရီးမီးယားလိဂ်၏ အသုံးစရိတ် ယခင်ရာသီထက် ပေါင်သန်း (၈၀၀) လျော့နည်းနေ

နွေရာသီအပြောင်းအရွှေ့ကာလပြီးဆုံးရန် နောက်ဆုံးရက်သတ္တပတ်သို့ ရောက်ရှိချိန်တွင် ပရီးမီးယားလိဂ်၏ အသုံးစရိတ် ယခင်ရာသီထက် ပေါင်သန်း (၈၀၀) လျော့နည်းနေ
Photo: Goal.com
Photo: Goal.com
Published 28 August 2024

 

၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလ ပြီးဆုံးရန် နောက်ဆုံးရက်သတ္တပတ်သို့ရောက်ရှိလာချိန်တွင် ပရီးမီးယားလိဂ်ကလပ်များ၏ အသုံးစရိတ်မှာ ယခင်ရာသီထက် ပေါင်သန်း (၈၀၀)အထိလျော့နည်းနေကြောင်း သိရသည်။

ဘောလုံးအပြောင်းအရွှေ့ကိစ္စများ ဖော်ပြလျက်ရှိသည့် Football Transfers ဝက်ဘ်ဆိုက်၏ အချက်အလက်များကို ကိုးကား၍ ပရီးမီးယားလိဂ်အပါအဝင် ဥရောပထိပ်သီးလိဂ် (၅)ခု၏ အပြောင်းအရွှေ့အသုံးစရိတ်ကို ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။ 

သြဂုတ် (၂၅)ရက်အထိ စာရင်းများအရ ပရီးမီးယားလိဂ်ကလပ်များ၏ ယခုနွေရာသီ အသုံးစရိတ်မှာ ပေါင် (၁.၅)ဘီလီယံရှိပြီး နောက်ဆုံးရက်သတ္တ ပတ်သို့ ရောက်ရှိလာချိန်တွင် ၂၀၂၃ နွေရာသီကာလ၌ အသုံးပြုခဲ့သည့် ပေါင် (၂.၃) ဘီလီယံထက် ပေါင်သန်း (၈၀၀) အထိ လျော့နည်းနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အသုံးစရိတ်လျော့ကျနေခြင်းမှာ ပရီးမီးယားလိဂ်အသင်းများကို ပြစ်ဒဏ်ချမှတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေသည့် PSR စည်းမျဉ်းက အဓိကအချက် တစ်ခုအဖြစ် ပါဝင်နေသည်။

ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ၂၀၂၃ ခုနှစ် အတွင်း (ဇန်နဝါရီနှင့် နွေရာသီ) ပေါင် (၃.၁) သန်းအထိ အသုံးပြုခဲ့သော်လည်း ၂၀၂၄ ခုနှစ် (ဇန်နဝါရီနှင့် နွေရာ သီ) တွင်မူ ပေါင် (၁.၆) သန်းသာ အသုံးပြုထားရာ ထက်ဝက်နီးပါး လျော့ကျသွားခြင်းဖြစ်သည်။ ထို့ပြင် အငှားဖြင့် ခေါ်ယူမှုမှာလည်း ယခုနွေရာသီတွင် (၅)ဦးသာရှိသေးပြီး ယခင်နှစ်က (၂၆)ဦးအထိရှိခဲ့သည်။

ကစားသမားခေါ်ယူမှုအများဆုံးအဖြစ် ဘွန်ဒစ်လီဂါ ပြိုင်ပွဲက (၁၃၅) ဦးဖြင့် ရပ်တည်နေပြီး စီးရီးအေပြိုင်ပွဲက (၁၁၅)ဦး၊ ပရီးမီးယားလိဂ်နှင့် လာလီဂါပြိုင်ပွဲက (၁၀၅)ဦး စီ၊ လီဂူး-၁ ပြိုင်ပွဲက (၇၈)ဦး ခေါ်ယူထားသည်။ အသုံးစရိတ်အများဆုံးစာရင်းတွင်မူ ပရီးမီးယားလိဂ်ပြိုင်ပွဲကသာ ပေါင် (၁.၅) ဘီလီယံဖြင့် အပြတ်အသတ်ဦးဆောင်လျက်ရှိပြီး အနီးဆုံးပြိုင်ဘက်ဖြစ်သည့် စီးရီးအေပြိုင်ပွဲ၏ အသုံးစရိတ် ပေါင် (၆၁၇)သန်းထက် နှစ်ဆကျော်ပိုများနေသည်။ ယင်းနောက်လီဂူး-၁ ပြိုင်ပွဲက ပေါင် (၅၂၉) သန်း၊ ဘွန်ဒစ်လီဂါက ပေါင် (၄၆၂)သန်း၊ လာလီဂါပြိုင်ပွဲက ပေါင် (၄၃၅)သန်းဖြင့် ရပ်တည်လျက်ရှိသည်။

ယခုနွေရာသီတွင် ကစားသမားခေါ်ယူမှု အများဆုံး ပရီးမီးယားလိဂ်ကလပ်အဖြစ် ဆောက်သမ်တန်အသင်းက (၁၃) ဦးခေါ်ယူထားပြီး ချယ်လ်ဆီးအသင်းမှာလည်း ကစားသမားသစ် (၁၀)ဦးအတွက် ပေါင် (၂၀၄)သန်းဖြင့် အသုံးစရိတ်အများဆုံး ဥရောပကလပ်အဖြစ် ရပ်တည်နေသည်။ လက်ရှိအချိန်အထိ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ခေါ်ယူမှုအဖြစ် အယ်လ်ဗာရက်ဇ်က ပေါင် (၈၁)သန်း၊ ဆိုလန်ကီက ပေါင် (၆၅) သန်းဖြင့် ရပ်တည်နေကြောင်း သိရသည်။

 

Most Read

Most Recent