မဟာဓာတ်အားလိုင်းကို ရုရှားက တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရုရှားဗုံးကြဲလေယာဉ်များ ပျံဝဲနေသောကြောင့် ယူကရိန်းက နိုင်ငံတစ်ဝန်း လေကြောင်းသတိပေးချက်အသစ်များကို ထုတ်ပြန်

မဟာဓာတ်အားလိုင်းကို ရုရှားက တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရုရှားဗုံးကြဲလေယာဉ်များ ပျံဝဲနေသောကြောင့် ယူကရိန်းက နိုင်ငံတစ်ဝန်း လေကြောင်းသတိပေးချက်အသစ်များကို ထုတ်ပြန်
ယူကရိန်း၏အိုဒက်ဆာဒေသ၌ ရုရှားဒုံးကျည်ထိမှန်ခဲ့ပြီးနောက် မီးလောင်နေသည့်နေရာကို ကယ်ဆယ်ရေးသမားများ မီးငြိှမ်သတ်နေပုံကို သြဂုတ် ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ယူကရိန်း၏အိုဒက်ဆာဒေသ၌ ရုရှားဒုံးကျည်ထိမှန်ခဲ့ပြီးနောက် မီးလောင်နေသည့်နေရာကို ကယ်ဆယ်ရေးသမားများ မီးငြိှမ်သတ်နေပုံကို သြဂုတ် ၂၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 27 August 2024

ယူကရိန်း မဟာဓာတ်အားလိုင်းကို ရုရှားက ကြီးကြီးမားမားတိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရုရှားဗုံးကြဲလေယာဉ်များ ကောင်းကင်တွင် ပျံဝဲနေသောကြောင့် သြဂုတ် ၂၇ ရက်တွင် ယူကရိန်းအာဏာပိုင် များက နိုင်ငံတစ်ဝန်း လေကြောင်း သတိပေးချက်အသစ်များကို ထုတ်ပြန်ခဲ့သည်။

ရုရှားသည် သြဂုတ် ၂၆ ရက်တွင် ယူကရိန်းကို ဒုံးကျည်နှင့်ဒရုန်း ရာပေါင်းများစွာပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အနည်းဆုံးလူလေးဦးသေဆုံးခဲ့ရပြီး ယူကရိန်း၏အားနည်းနေသော မဟာဓာတ်အားလိုင်းကို ထိခိုက်စေခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရုရှားတိုက်ခိုက်မှုက နေရာအနှံ့ ဓာတ်အားပြတ်တောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ရုရှား၏ကာ့ရှ်ဒေသကို ဝင်ရောက်ကျူးကျော်ရာတွင် တိုးတက်မှုအသစ်များရရှိသည်ဟု ယူကရိန်းက ပြောကြားခဲ့ပြီးနောက်  အ ထက်ပါတိုက်ခိုက်မှုများ ဖြစ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံ အနောက်ပိုင်းရှိ Engles လေယာဉ်ကွင်းမှ Tu-95 MS ဗုံးကြဲလေယာဉ်အချို့ ပျံတက်သွားသည်ဟု သြဂုတ် ၂၇ ရက် စောစောပိုင်းတွင် ယူကရိန်းလေတပ်ကအတည်ပြုခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် လေကြောင်း စီးနင်းတိုက်ခိုက်မှု သတိပေးချက်များကို ချက်ချင်းထုတ်ပြန်ခဲ့သည်။

ညပိုင်းအချိန်တွင် ရုရှားတိုက်ခိုက်မှုများအတွင်း အနည်းဆုံးလူလေးဦးသေဆုံးခဲ့သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ပြောကြားမှုများအရ သိရသည်။ ဇာပိုရီရှား အရှေ့တောင်ပိုင်းတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဟိုတယ် ကို ဒုံးကျည်ထိမှန်ခဲ့ပြီးနောက် အလယ်ပိုင်းမြို့ ခရာဗီးရစ်တွင် နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ခရာဗီးရစ်တွင် နောက်ထပ်လူနှစ်ဦးပျောက်ဆုံးနေရာ ၎င်းတို့သည် အပျက်အစီးများအောက်တွင် ရှိနေနိုင်သည်ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာဂျီလိုင်ဆက်က တယ်လီဂရမ်တွင် ပို့စ်တင်ခဲ့သည်။

အကြီးမားဆုံး ရုရှားတိုက်ခိုက်မှုတစ်ခုအတွင်း ရုရှားသည် အနည်းဆုံးဒုံးကျည် ၁၂၇ စင်းနှင့် ဒရုန်း ၁၀၉ စင်းတို့ကို ပစ်လွှတ်ခဲ့သည်ဟု သြဂုတ် ၂၆ ရက်တွင် သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။

၎င်းတို့ထဲက ဒုံးကျည် ၁၀၂ စင်းနှင့် ဒရုန်း ၉၉ စင်းတို့ကို ပစ်ချခဲ့သည်ဟု ယူကရိန်း လေတပ်တပ်မှူး မိုင်ကိုလာအိုလက်ချက်က ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ရုရှား၏အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်သည် ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့က အဆိုပါတိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချခဲ့ကြသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှား၏ တိုက်ခိုက်မှုကို လက်ခံနိုင်စရာမရှိဟု ပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက သူရဲဘောကြောင်သော တိုက်ခိုက်မှုဟုပြောကြားခဲ့သည်။

ယခုတစ်ဖန်တွင်လည်း ပူတင်၏ရုရှားသည် ယူကရိန်း၏အသက်သွေးကြောများကို ဒုံးကျည်များဖြင့် တင်းကြမ်းပြည့်စေသည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှား၏တိုက်ခိုက်မှုများကြောင့် မိမိတို့၏ဓာတ်အားစနစ်ကို တည်ငြိမ်အောင်ဆောင်ရွက်ရေးအတွက် အရေးပေါ်ဓာတ်အားဖြတ်တောက်မှုများကို လုပ်ဆောင်မည်ဟု ယူကရိန်းအစိုးရပိုင် ဓာတ်အားပေးလုပ်ငန်း Ukrenerogo က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent