မေဂျာလိဂ်ပြိုင်ပွဲ Play-offs ပွဲစဉ်များ မစတင်မီ မက်ဆီ ပြန်ကစားနိုင်ရန် အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနို မျှော်လင့်နေ

မေဂျာလိဂ်ပြိုင်ပွဲ Play-offs ပွဲစဉ်များ မစတင်မီ မက်ဆီ ပြန်ကစားနိုင်ရန် အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနို မျှော်လင့်နေ
Photo: AP
Photo: AP
Published 26 August 2024

ဒဏ်ရာကြောင့် အနားယူနေရသည့် အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီအနေဖြင့် မေဂျာလိဂ် Play-offs ပွဲစဉ်များ မစတင်မီ ပြန်ကစားနိုင်ရန် မျှော်မှန်းထားကြောင်း နည်းပြဖြစ်သူ တာတာမာတီနိုက ပြောကြားခဲ့သည်။

မက်ဆီသည် ဇူလိုင်ဒုတိယပတ်အတွင်းကျင်းပသည့် ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားစဉ် ခြေချင်းဝတ်အရွတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အနားယူနေရသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။

၎င်းအနေဖြင့် ဒဏ်ရာကြောင့် Leagues Cup ပွဲစဉ်များကို လွဲချော်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းမှာလည်း ချန်ပီယံဆု မကာကွယ်နိုင်ဘဲ (၁၆)သင်းအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။

သြဂုတ်(၂၃)ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မက်ဆီ၏ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ မာတီနိုက ''သူက အသင်းနဲ့အတူ မလေ့ကျင့်နိုင်သေးပါဘူး။ ဒါပေမဲ့ ကွင်းပြင်ပမှာ ကာယလေ့ကျင့်မှုတွေ လုပ်နေပါပြီ။ သူ့အခြေအနေက တိုးတက်မှုရှိနေပါတယ်။ အာဂျင်တီးနားအသင်းမှာ မပါဝင်တာက ကစားနိုင်ဖို့ အခြေအနေမရှိသေးလို့ပါ။ ခန့်မှန်းထားတာမရှိပေမဲ့ ပုံမှန်ရာသီ မပြီးဆုံးခင် သူပြန်လာနိုင်မှာပါ။ သူ ပြန်လေ့ကျင့်နိုင်မယ့်ရက်ကို မခန့်မှန်းနိုင်ပေမဲ့ အရမ်းဝေးတဲ့အခြေအနေတော့ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

၂၀၂၄ ရာသီ မေဂျာလိဂ်ပြိုင်ပွဲ ပုံမှန်ရာသီပွဲစဉ်များမှာ အောက်တိုဘာ (၁၉)ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး အင်တာမိုင်ယာမီအသင်းသည် ယခုတစ်ပတ် စင်စင်နာတီအသင်းအား (၂-၀) ဂိုးဖြင့် အနိုင်ကစားပြီး (၂၆)ပွဲကစား၊ (၅၆)မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

 

Most Read

Most Recent