ဘင်္ဂလားဒေ့ရှ်တွင် ရေလွှမ်းမိုးမှု လျော့ကျသွားသော်လည်း ကယ်ဆယ်ရေးစခန်းများတွင် လူသုံးသိန်းကျော် ဆက်လက်ခိုလှုံလျက်ရှိ

ဘင်္ဂလားဒေ့ရှ်တွင် ရေလွှမ်းမိုးမှု လျော့ကျသွားသော်လည်း ကယ်ဆယ်ရေးစခန်းများတွင် လူသုံးသိန်းကျော် ဆက်လက်ခိုလှုံလျက်ရှိ
သြဂုတ် ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖီနီမြို့တွင် ရေနစ်မြှုပ်နေသော နေအိမ်များကို ကောင်းကင်ယံမှ မြင်တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖီနီမြို့တွင် ရေနစ်မြှုပ်နေသော နေအိမ်များကို ကောင်းကင်ယံမှ မြင်တွေ့ရစဉ်(Photo:AFP)
Published 26 August 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရက်ပေါင်းများစွာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြစ်ရေများ ကျဆင်းလာသော်လည်း လူပေါင်း ၃၀၀,၀၀၀ သည် ကယ်ဆယ်ရေးစခန်းများတွင် အကူအညီများ လိုအပ်လျက်ရှိသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့ သည်။

ဘင်္ဂလားဒေ့ရှ်တွင် လူ ၁၈ ဦးထက်မနည်း သေဆုံးစေခဲ့သည့် ရေကြီးရေလျှံမှုများသည် ကျောင်းသားများ ဦးဆောင်သည့် တော်လှန်ရေးပြီးနောက် ယခုလအတွင်း တာဝန်ယူခဲ့သော အစိုးရသစ်အတွက် စိန်ခေါ်မှုများဖြစ် လာစေခဲ့သည်။

ကြည်းတပ်၊လေတပ်နှင့် ရေတပ်အဖွွဲ့များ၏ ပူးပေါင်းအင်အားစုများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့များသည် နေအိမ်များကို စွန့်ခွာထွက်ပြေးကြရသူများအား အကူအညီပေးခဲ့သည့်အပြင် ပိုင်ဆိုင်မှုများအားလုံးကို ဆုံးရှုံးခဲ့ကြသူများအား အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီး ဖာရွတ်အီးအဇမ်က ပြောကြားခဲ့သည်။

“ရေတွေ စတင်ကျဆင်းလာတဲ့အတွက် အခြေအနေတွေက ပိုပြီးတိုးတက်လာပါတယ်”ဟု အဇမ်က ဆိုသည်။

လူပေါင်း ၃၀၇,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံလျက်ရှိပြီး ရေဘေးသင့်ပြည်သူ ၅ ဒသမ ၂ သန်းကျော်ရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

“လက်ရှိမှာတော့ ရေဘေးသင့်ဒေသတွေမှာ ရပ်ရွာပြန်လည်ထူေထောင်ရေးတွေ လုပ်ဆောင်နေပါတယ်။ အဲဒါမှသာ အစားအစာတွေကို ဖြန့်ချိဝေငှပေးနိုင်မှာ ဖြစ်ပါတယ်”ဟု အဇမ်ကဆိုသည်။

“ကျွန်တော်တို့တွေ အရှိန်မြှင့်တင် လုပ်ဆောင်နေပါတယ်။အဲဒါမှသာ ကူးစက်ရောဂါတွေ မပျံ့ပွားနိုင်မှာပါ” ဟုဆက်လက် ပြောကြားခဲ့သည်။

သာမန်ဘင်္ဂလားဒေ့ရှ်ပြည်သူများသည် ကယ်ဆယ်ရေးကြိုးပမ်း အားထုတ်မှုများအတွက် ငွေကြေးလှူဒါန်းမှုများရှိသည်။

ဒါကာမြို့တော်နှင့် စစ်တကောင်း၏အဓိက ဆိပ်ကမ်းမြို့ကြားရှိ အဝေးပြေးလမ်းများနှင့် မီးရထားလိုင်းများ ပျက်စီးခဲ့သည့်အတွက် ရေဘေးသင့်ခရိုင်များသို့ အကူအညီများပေးပို့မှုတွင် အခက်အခဲများ ကြုံတွေ့ခဲ့ပြီး စီးပွားရေးများကို ထိခိုက်မှုရှိစေခဲ့သည်။

နှစ်စဉ်မုတ်သုန်မိုးများသည် အပျက်အစီးများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသော်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် မိုးလေဝသပုံစံများကို ပြောင်းလဲစေကာ အလွန်ဆိုးရွားသော ရာသီဥတု ဖြစ်စဉ်များကို ပိုမိုဖြစ်ပွားစေသည်။

လူပေါင်း သန်း ၁၇၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရာနှင့်ချီသော မြစ်များဖြတ်သန်း စီးဆင်းလျက်ရှိကာ လတ်တလော ဆယ်စုနှစ်များအတွင်း မကြာခဏ ရေကြီးမှုများကို မြင်တွေ့ရသည်။

ဘင်္ဂလားဒေ့ရှ်သည် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည် အား အနည်းဆုံးနိုင်ငံများတွင် ပါဝင်သည်ဟု ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ် ညွှန်းကိန်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့ပိုင်း ထရီပူရာပြည်နယ်တွင်လည်း ရေကြီးရေလျှံမှုများကြောင့် သြဂုတ် ၁၉ ရက်ကတည်းက သေဆုံးသူ ၂၄ ဦးထက်မနည်း ရှိသည်ဟု ထရီပူရာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။             

Ref:AFP

Most Read

Most Recent