မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ကြောင်းနှင့် အာဆီယံ ဘုံသေဘာတူညီချက်ငါးရပ်နှင့် မြန်မာ့ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို အပြန်အလှန်ကူညီ၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်နှင့် တွေ့ဆုံစဉ် ပြောကြား 

မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ကြောင်းနှင့် အာဆီယံ ဘုံသေဘာတူညီချက်ငါးရပ်နှင့် မြန်မာ့ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို အပြန်အလှန်ကူညီ၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်နှင့် တွေ့ဆုံစဉ် ပြောကြား 
Published 21 August 2024

မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ကြောင်းနှင့် အာဆီယံ ဘုံသေဘာတူညီချက်ငါးရပ်နှင့် မြန်မာ့ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို အပြန်အလှန်ကူညီ၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း  တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Ms. Julie Bishop နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် သြဂုတ် ၂၀ ရက်က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Ms. Julie Bishop နှင့် တွေ့ဆုံဆွေးနွေးရာတွင် အထက်အချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံထက် ပိုလိုလားသောနိုင်ငံမရှိကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နိုင်ငံတစ်သားတည်းဖြစ်မှုနှင့် နယ်မြေတည်တံ့မှုကို ခိုင်မာစွာလေးစားကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ခြင်းနှင့် မြန်မာပြည်သူများကပိုင်ဆိုင်၍ မြန်မာပြည်သူများဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာလိုက်နာကြောင်း၊ အာဆီယံက အဓိကလမ်းကြောင်းအဖြစ် အခန်းကဏ္ဍမှပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသေဘာတူညီချက်ငါးရပ်နှင့် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်အသစ်တို့ အပြန်အလှန်ကူညီမြှင့်တင်၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။     

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံအရေးကိစ္စသည် ရှုပ်ထွေးကြောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၏ အခန်းကဏ္ဍမှာ တမူထူးခြား၍ အရေးကြီးတာဝန်ကို ထမ်းဆောင်နေရကြောင်း၊ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံ၏ထူးခြားသော နိုင်ငံအခြေအနေနှင့် မြန်မာနိုင်ငံအရေးကိစ္စ၏ ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကိုအရင်းခံကာ ဘက်အသီးသီးနှင့်ဆက်ဆံရေးကို ဟန်ချက်ညီစွာဖြေရှင်း၍ မြန်မာနိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ပါကြောင်း၊ အထူးသံတမန် တာဝန်ထမ်းဆောင်ရန်အတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန်ဆန္ဒရှိကာ မြန်မာနိုင်ငံ နိုင်ငံရေးပြန်လည်သင့်မြတ်မှုနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထို့အတူ Ms. Julie Bishop ကလည်း တရုတ်နိုင်ငံက မိမိတာဝန်စတင်ထမ်းဆောင်ချိန်တွင် တရုတ်နိုင်ငံခရီးစဉ်အတွင်း မိမိအားဧည့်ခံမှုကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စသည် ရှုပ်ထွေး၍ စိန်ခေါ်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီး အိမ်နီးချင်းနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် တမူထူးခြားသော အကျိုးသက်ရောက်မှုရှိကြောင်း၊ တရုတ်နိုင်ငံ၊ အာဆီယံတို့နှင့်အတူ နီးကပ်စွာဆက်ဆံကာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ မြန်မာနိုင်ငံအရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းနိုင်မည့် သဘောတူညီချက်ကို ကြိုးပမ်းဖော်ဆောင်ပြီး ပဋိပက္ခကို ဆောလျင်စွာအဆုံးသတ်ကာ လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ပြေလျော့စေခြင်းဖြင့် မြန်မာပြည်သူများက ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent