စက်သုံးဆီစျေးမြင့်တက်လာမှုကြောင့် အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်စီးခ စျေးနှုန်းများ မြင့်တက်

စက်သုံးဆီစျေးမြင့်တက်လာမှုကြောင့် အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်စီးခ စျေးနှုန်းများ မြင့်တက်
အောင်မင်္ဂလာအဝေးပြေးကားဝင်း တစ်နေရာအားတွေ့ရစဉ်
အောင်မင်္ဂလာအဝေးပြေးကားဝင်း တစ်နေရာအားတွေ့ရစဉ်
Published 19 August 2024

စက်သုံးဆီစျေးမြင့်တက်လာမှုကြောင့် အဝေးပြေးယာဉ်စီးခများ စျေးနှုန်းမြင့်တက်လာကြောင်း အဝေးပြေးယာဉ်လိုင်းအချို့နှင့် လက်မှတ်အရောင်းဌာနအချို့ထံမှ သိရသည်။

ရန်ကုန်- မန္တလေးကားခတွေလည်း စျေးတက်တယ်။ တစ်ကြောင်းကို သုံးလေး ထောင်လောက်တက်သွားတယ်။  တခြားခရီးစဉ်တွေလည်း တက်သွားတာရှိတယ်။ သွား လာတဲ့သူတော့ရှိတယ်။ ဘာကြောင့်တက်သလဲဆိုတာတော့ မသိရဘူး။ ဆီစျေးကြောင့် လို့ထင်တယ်ဟု ရန်ကုန်မြို့ရှိ အဝေးပြေး ယာဉ်လိုင်းလက်မှတ် အရောင်းအေးဂျင့်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲသည့် အဝေးပြေးယာဉ်လက်မှတ်ခမှာ ရိုးရိုးကားလျှင် ကျပ် ၂၈၀၀၀ ကျပ်သာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၃၁၀၀၀ သို့ မြင့်တက်သွားကြောင်း၊ အထူးကားမှာ ယခင်က ကျပ် ၃၈၀၀၀ သာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၄၂၀၀၀ သို့ မြင့်တက်သွားကြောင်း သိရသည်။

ဆီစျေးတက်လာတာက အဓိကပေါ့။ ပြီးခဲ့တဲ့ရက်တွေတုန်းက တချို့ယာဉ်လိုင်းတွေ ဆီမရလို့ မထွက်ရတာလည်းရှိတယ်။ အခုတော့ ဆီပြန်ရနေတော့ ကားခတွေ တက်သွားတာပါဟု အဝေးပြေးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရသည့် အခြေအနေမှာ သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိစက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဆီစျေးနှုန်းများမှာ  ၉၂ တစ်လီတာ ကျပ် ၂၉၉၀၊ ၉၅ တစ်လီတာ ကျပ် ၃၂၁၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၃၁၁၅၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၆၂၀ ဖြစ်ကြောင်း သိရ သည်။

စက်သုံးဆီ ဖူလုံစွာသုံးစွဲနိုင်ရေး စီမံ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်ပမှ ဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ယာဉ်တန်းစီဝယ်ယူမှု များပြားလျက်ရှိသဖြင့် လျော့နည်းကျဆင်းရန်နှင့် ဆီသယ်ယာဉ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုဖြစ် ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

စက်သုံးဆီဝယ်ယူခွင့်ပြုထားသည့် Importer ကုမ္ပဏီများအနေဖြင့် Terminal များတွင် Demand တင်ပြီး စက်သုံးဆီအရောင်းဆိုင်များသို့ အမြန်ဆုံးပို့ဆောင်ရေးစီမံဆောင်ရွက်ပေးသွားရန်နှင့် ပြည်တွင်းစက် သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်း မရှိနိုင်ကြောင်းကိုလည်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူများမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ခွဲဝေသည့် PO များ အမြန်ထုတ်ယူနိုင်ရေး၊ ဆက်လက်ခွင့်ပြုလျက်ရှိသော အရောင်းဆိုင်များအတွက် စက်သုံးဆီဝယ်ယူခွင့်ပြုလျက်ရှိသည့် စက်သုံးဆီများကို လည်း စဉ်ဆက်မပြတ်ထုတ်ယူရန်ဆောင်ရွက်ခြင်း၊Terminal များမှ သက်ဆိုင်ရာအရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးမည့်ဆီတင်ယာဉ်များ အချိန်မီပို့ဆောင်ဖြန့်ဖြူးနိုင်ရေး နေ့ညမပြတ် ကြီးကြပ်ကွပ်ကဲစီမံဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှ ဆီတင်သင်္ဘောများ စဉ်ဆက်မပြတ်ဝင်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ယခင်ရက်များထက် တန်းစီဝယ်ယူမှုများ စတင်လျော့ကျလာပြီဖြစ်ကြောင်း နစက က ထုတ်ပြန်သည်။

Most Read

Most Recent