ဟော်လန်း၏ဂိုးမှတ်တမ်းမှာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ကဲ့သို့အဆင့်မျိုးဖြစ်ကြောင်း ဂွါဒီယိုလာ ချီးကျူး

ဟော်လန်း၏ဂိုးမှတ်တမ်းမှာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ကဲ့သို့အဆင့်မျိုးဖြစ်ကြောင်း ဂွါဒီယိုလာ ချီးကျူး
Photo: X
Photo: X
Published 19 August 2024

မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက နော်ဝေတိုက်စစ်မှူး အာလင်းဟော်လန်း၏ သွင်းဂိုးမှတ်တမ်းမှာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ကဲ့သို့အဆင့်မျိုး ရောက်ရှိနေပြီဖြစ်ကြောင်း  ချီးကျူးပြောကြားသည်။

သြဂုတ် ၁၈ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွင် ချန်ပီယံ မန်စီးတီးအသင်းက ချယ်လ်ဆီးအသင်းကို (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မန်စီးတီးအသင်းအတွက် အနိုင်ဂိုးများကို ၁၈ မိနစ်တွင် ဟော်လန်းနှင့် ၈၄ မိနစ်တွင် ချယ်လ်ဆီးကစားသမားဟောင်း ကိုဗာချစ်တို့က သွင်းယူပေးခဲ့သည်။

အသက် ၂၄ နှစ်ရှိပြီဖြစ်သူ ဟော်လန်းသည် မန်စီးတီးအသင်းအတွက် ရာသီအဖွင့်ပွဲစဉ်များတွင် သုံးပွဲကစား၊ ငါးဂိုးသွင်းယူထားနိုင်ပြီဖြစ်သလို ယင်းပွဲမှာ မန်စီးတီးကစားသမားဘဝ ပွဲ ၁၀၀ ပြည့်မြောက်သည့်ပွဲလည်း ဖြစ်သည်။

ဟော်လန်းသည် ပရီးမီးယားလိဂ်၌ ၆၄ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၉၁ ဂိုးသွင်းယူထား ပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ထားရာ ဂိုးပါဝင်ပတ်သက်မှု ၁၀၆ ဂိုးအထိရှိပြီဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ဂွါဒီယိုလာက ''သူ့ရဲ့ ကိန်းဂဏန်းတွေက ပြီးခဲ့တဲ့ဆယ်စုနှစ်၊ ၁၅ နှစ်အတွင်းမှာ အရာအားလုံးကို ထိန်းချုပ်ထားခဲ့တဲ့ မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့လိုပါပဲ။ ကိန်းဂဏန်းတွေအရတော့ အဲဒီအဆင့်အတန်းမျိုးပါပဲ။ ဒါကို သူဘယ်လိုလုပ်ခဲ့လဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ပွဲ ၁၀၀ ကစားပြီး ၉၁ ဂိုး သွင်းယူနိုင်တယ်ဆိုတာ ဒီနိုင်ငံမှာ မယုံနိုင်စရာပါပဲ။ ပြီးခဲ့တဲ့ရာသီထက် ပိုကောင်းလာတယ်လို့ သူခံစားနေရတာ ကျွန်တော်သိပါတယ်။ ပြီးခဲ့တဲ့ရာသီက ခရီးသွားပြီးတဲ့နောက်  ပင်ပန်းနေတယ်လို့ သူခံစားခဲ့ရတယ်။ ဒီရာသီမှာ နော်ဝေအသင်း ကံမကောင်းစွာပဲ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရလို့ အနားယူချိန်ပိုရပြီး နေလို့ပိုကောင်းတယ်လို့ ခံစားရတာဖြစ်မယ်ထင်တယ်။ အဲဒီဂိုးက အရမ်းကိုခမ်းနားပါတယ်။ သူ့ရဲ့ပံ့ပိုးကူညီမှုတွေက အများကြီးပါ။ အခွင့်အရေး နှစ်ကြိမ်၊ သုံးကြိမ်လောက် သူ ရခဲ့တယ်။ ဘောလုံးသမားတစ်ယောက်ဟာ တိုးတက်ဖို့အတွက် နေရာလွတ်တစ်ခုရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာ အမြဲတမ်းရှိပါတယ်'' ဟု ချီးကျူးပြောကြားသည်။

ယခုရာသီတွင် ပုံစံအသစ်ဖြင့် ပြောင်းလဲကျင်းပမည့် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လာမည့် ၂၀၂၅ ခုနှစ် နွေရာသီတွင် ၃၂ သင်းပြိုင်ပွဲအဖြစ် ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် မန်စီးတီးအသင်းအနေဖြင့် ပြိုင်ပွဲစုံတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ပါက တစ်ရာသီအတွင်း ပွဲစုစုပေါင်း ၇၅ ပွဲဝန်းကျင်အထိ ကစားရဖွယ်ရှိရာ ဂွါဒီယိုလာက ကစားသမားများအား ကိုယ်ပိုင်အစီအစဉ်ဖြင့် အနားပေးဖြစ်ဖွယ်ရှိကြောင်း ဆက်လက်ပြောကြားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၃၈ ပွဲကစားရမည်ဖြစ်ပြီး အခြားပြိုင်ပွဲများတွင်လည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ပါက FA ဖလားပြိုင်ပွဲ၌ ခြောက်ပွဲ၊ လိဂ်ဖလားပြိုင်ပွဲ၌ ခြောက်ပွဲ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၁၇ ပွဲ (ယခင်  ၁၃ ပွဲ)၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ခုနစ်ပွဲ၊ စုစုပေါင်း ၇၄ ပွဲအထိ ကစားရဖွယ်ရှိနေခြင်း ဖြစ်သည်။

Most Read

Most Recent