ယခုတစ်ပတ်ယှဉ်ပြိုင်ခဲ့သည့် တူရကီစူပါလိဂ်ပွဲစဉ်တွင် ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့ကို ပရိသတ်တစ်ဦး ကွင်းအတွင်းဝင်ရောက်တိုက်ခိုက်

ယခုတစ်ပတ်ယှဉ်ပြိုင်ခဲ့သည့် တူရကီစူပါလိဂ်ပွဲစဉ်တွင် ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့ကို ပရိသတ်တစ်ဦး ကွင်းအတွင်းဝင်ရောက်တိုက်ခိုက်
Photo: Getty Images
Photo: Getty Images
Published 19 August 2024

ယခုတစ်ပတ် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော တူရကီစူပါလိဂ်ပွဲစဉ်တွင် ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့ကို ပရိသတ်တစ်ဦးက ကွင်းအတွင်းဝင်ရောက်၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နာမည်ကျော်နည်းပြ မော်ရင်ဟို ကိုင်တွယ်နေသည့် ဖီနာဘာချီအသင်းသည် ဂေါ့ဇ်တက်ပီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး (၂-၂)ဂိုးဖြင့် သရေကျခဲ့သည်။

အလီကော့သည် ပွဲအပြီး၌ ကွင်းအတွင်းသို့ လမ်းလျှောက်ဝင်လာရာတွင် ပွဲကြည့်စင်ပေါ်မှ ပုလင်းနှင့် ပစ်ခတ်မှုကို ရင်ဆိုင်ခဲ့ရသလို၊ ကွင်းထဲအထိ ဝင်ရောက်လာသည့် ပရိသတ်တစ်ဦး၏ နောက်မှဆောင့်တွန်းကာ တိုက်ခိုက်ခြင်းနှင့်လည်း ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် အလီကော့ကို လုံခြုံရေးအကာအကွယ်များဖြင့် ကွင်းအတွင်းမှ ပြန်ထုတ်ပေးခဲ့ရကြောင်း သိရသည်။

တူရကီဘောလုံးလောက၌ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်တိုက်မြင်တွေ့နေရခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီကလည်း ဖီနာဘာချီကစားသမားများအား ပြိုင်ဘက် ထရတ်ဇွန်စပေါ်အသင်း၏ ပရိသတ်များက ကွင်းအတွင်းဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်ရပ်တွင် ဖီနာဘာချီကစားသမားအချို့က ပရိသတ်များအား ပြန်လည်တုံ့ပြန်တိုက်ခိုက်သည့် ဗီဒီယိုဖိုင်များမှာလည်း လူမှုကွန်ရက်များမှတစ်ဆင့် အားကစားလောက၏ အကျည်းတန်ပုံရိပ်များအဖြစ် ပျံ့နှံ့ခဲ့သည်။

တူရကီနိုင်ငံတွင် ဆိုးသွမ်းပရိသတ်များစွာရှိနေကြပြီး ဂါလာတာစာရေး၊ ဖီနာဘာချီနှင့် ဘက်ဆစ်တက်အသင်းတို့ ထိပ်တိုက်ဆုံတွေ့သည့်ပွဲများ၌ ပရိသတ်များအကြားမှ ရန်ပွဲများကိုလည်း မကြာခဏမြင်တွေ့ရလေ့ရှိသည်။

တူရကီဘောလုံးအဖွဲ့ချုပ်သည် ယင်းအတွက် အရေးယူအပြစ်ပေးမှုများ ပြုလုပ်လျက်ရှိသော်လည်း ပရိသတ်များ၏ သောင်းကျန်းမှုများမှာ လျော့ကျခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent