အာဖရိကတောင်ပိုင်းတွင် လူ ၆၈ သန်းနီးပါး မိုးခေါင်မှုကို ကြုံတွေ့ခံစားနေရကြောင်း အာဖရိကတောင်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ပြောကြား

အာဖရိကတောင်ပိုင်းတွင် လူ ၆၈ သန်းနီးပါး မိုးခေါင်မှုကို ကြုံတွေ့ခံစားနေရကြောင်း အာဖရိကတောင်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ပြောကြား
သြဂုတ် ၇ ရက်က လီဆိုသိုနိုင်ငံတွင် မိုးခေါင်မှုကြောင့် ခြောက်သွေ့နေသော စိုက်ခင်းတစ်ခုကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၇ ရက်က လီဆိုသိုနိုင်ငံတွင် မိုးခေါင်မှုကြောင့် ခြောက်သွေ့နေသော စိုက်ခင်းတစ်ခုကို တွေ့ရစဉ်(Photo:AFP)
Published 18 August 2024

ဒေသတစ်ဝန်းတွင် ကောက်ပဲသီးနှံများ ကို အထိနာစေခဲ့သည့် အယ်နီညိုရာသီဥတု ဖြစ်စဉ်နှင့်ဆက်နွှယ်သည့် မိုးခေါင်မှု၏သက်ရောက်မှုများကို အာဖရိကတောင်ပိုင်းရှိ လူ ၆၈သန်းခန့် ကြုံတွေ့ခံစားနေရသည်ဟု အာ ဖရိကတောင်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(SADC) က သြဂုတ်၁၇ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် အစောပိုင်းက စတင်ခဲ့သည့် မိုးခေါင်မှုဖြစ်စဉ်သည် ကောက်ပဲသီးနှံနှင့် မွေးမြူရေးတိရစ္ဆာန်များ အပေါ်အထိနာစေခဲ့ကာ အစားအစာပြတ်လပ်မှုများ ဖြစ်ပေါ်စေခဲ့သည့်အပြင် စီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်မှုများ ရှိခဲ့သည်။

အဖွဲ့ဝင် ၁၆ နိုင်ငံပါဝင်သော အာဖရိက တောင်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (SADC)မှ အကြီးအကဲများသည် အစားအစာဖူလုံရေးအပါအဝင် ဒေသတွင်းပြဿနာရပ်များကို ဆွေးနွေးရန် ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့ တော်တွင် တွေ့ဆုံခဲ့ကြသည်။

လူဦးရေ ၆၈ သန်းသို့မဟုတ် ဒေသရှိလူဦးရေ၏ ၁၇ ရာခိုင်နှုန်းသည် အစားအစာကို လိုအပ်နေကြသည်ဟု SADC အမှုဆောင်အတွင်းရေးမှူး အီလိယက်စ်မာဂိုဆီက ပြောကြားခဲ့သည်။

“အယ်နီညို အစွန်းရောက်ရာသီဥတု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု နောက်ကျတာရဲ့ဆိုး ရွားတဲ့ သက်ရောက်မှုတွေကို ဒေသတွင်းက နေရာအများစုမှာ ကြုံတွေ့ခံစားနေရပါတယ်။ ၂၀၂၄ ခုနှစ် မိုးရာသီကတော့ စိန်ခေါ်မှုတွေ ရှိနေပါတယ်”ဟု ၎င်းက ဆိုသည်။

အယ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ ပေါင်းစပ်လိုက်သည့်အတွက် ယခုနှစ်သည် အာဖရိကတောင်ပိုင်း၏ အဆိုးရွား ဆုံးမိုးခေါင်မှုဖြစ်စဉ် ဖြစ်လာခဲ့သည်။

အယ်နီညိုဖြစ်စဉ်သည် ပုံမှန်အားဖြင့် ကမ္ဘာတစ်ဝန်း အပူချိန်မြင့်တက်လာမှုနှင့် ဆက်နွှယ်နေပြီး သဘာဝ အလျောက်ဖြစ်ပေါ်နေသည့် ရာသီဥတုဖြစ်သည့်အပြင် ကမ္ဘာ့နေရာအချို့တွင် မိုးခေါင်ခြင်းကို ဖြစ်ပေါ်စေပြီး အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကို ဖြစ်ပေါ်စေသည်။

ဇင်ဘာဘွေ၊ ဇမ်ဘီယာနှင့် မာလာဝီအပါအဝင် နိုင်ငံအများအပြားတွင် ငတ်မွတ် ခေါင်းပါးမှုအကျပ်အတည်း ဘေးဒုက္ခအခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ကာ လီဆိုသိုနှင့် နမ်ဘီယာနိုင်ငံတို့တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို တောင်းခံထားသည်။

ယင်းဒေသသည် မိုးခေါင်မှုကို တုံ့ပြန်မှုတွင် ကူညီထောက်ပံ့ပေးရန် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံကို မေလတွင် တောင်းဆိုထားသည်။သို့သော် အလှူငွေများ ရောက် ရှိခြင်းမရှိသေးကြောင်း လက်ရှိ SADC အလှည့်ကျဥက္ကဌဖြစ်သည့် အန်ဂိုလာသမ္မတဂျို အာလိုရန်ကိုက ပြောကြားခဲ့သည်။

“လှူဒါန်းလာတဲ့ ငွေပမာဏကလည်း ကံမကောင်းချင်တော့ ခန့်မှန်းထားတဲ့ ပမာဏအောက်ပဲ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အယ်နီညိုဒဏ်ခံနေရတဲ့ ကျွန်တော်တို့ပြည်သူတွေကို ကူညီပေးဖို့ ကြိုးပမ်းအားထုတ်မှု တွေကို နှစ်ဆတိုးမြှင့်နိုင်ဖို့အတွက် ဒေသတွင်းနဲ့နိုင်ငံတကာဆီ ဒီအကူအညီတောင်းခံမှုကို ထပ်လောင်း ပြောကြားလိုပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်ထိပ်သီးဆွေးနွေးပွဲတွင် မိုးခေါင်မှုသည် အဓိကဆွေးနွေးသည့် အကြောင်းအရာဖြစ်ခဲ့ပြီး ဒီအာကွန်ဂို အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအပါအဝင် ပြဿနာများကို လည်းဆွေးနွေးခဲ့သည်။

Ref:Reuters

Most Read

Most Recent