အိန္ဒိယတွင် ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရပြီးနောက် နိုင်ငံတစ်ဝန်း၌ ဆရာဝန်များ ဆန္ဒပြမှုဖြစ်ပွား

အိန္ဒိယတွင် ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရပြီးနောက် နိုင်ငံတစ်ဝန်း၌ ဆရာဝန်များ ဆန္ဒပြမှုဖြစ်ပွား
သြဂုတ်၁၂ ရက်က ကိုးလ်ကတ္တားမြို့တွင် တက်ကြွလှုပ်ရှားသူများနှင့် ဆရာဝန်များက  ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်နေကြပုံကို တွေ့ရစဉ်(Photo:AFP)
သြဂုတ်၁၂ ရက်က ကိုးလ်ကတ္တားမြို့တွင် တက်ကြွလှုပ်ရှားသူများနှင့် ဆရာဝန်များက  ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်နေကြပုံကို တွေ့ရစဉ်(Photo:AFP)
Published 15 August 2024

အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့တွင် အလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတစ်ဝန်းလုံးရှိ ဆရာဝန်များက ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၃ ရက်တွင် မြို့အများအပြားရှိ ကျန်းမာရေးဝန်ဆောင်မှုများကို ထိခိုက်မှုရှိစေခဲ့သည်ဟု အာဏာပိုင်များနှင့် မီဒီယာများက ပြောကြားခဲ့သည်။

သြဂုတ် ၁၂ ရက်က ကိုးလ်ကတ္တားမြို့နှင့် အနောက်ဘန်ဂယ်ပြည်နယ်တစ်ဝိုက်ရှိ မြို့များတွင် ထောင်နှင့်ချီသည့် ဆရာဝန်များ ချီတက်ဆန္ဒပြခဲ့ပြီး အစိုးရဆေးရုံတွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်ကို ရှုတ်ချခဲ့ကြကာ သေဆုံးသူအတွက် တရားမျှတမှုရရှိရေးနှင့် ပိုမိုကောင်းမွန်သော လုံခြုံရေးစီမံချက်များ ချထားပေးရေး တောင်းဆိုခဲ့ကြသည်။

အသက် ၃၁ နှစ်အရွယ် ဆရာဝန်တစ်ဦးကို သြဂုတ် ၉ ရက်တွင် သေဆုံးလျက်တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ၎င်းသည် အဓမ္မပြုကျင့်ခံခဲ့ရပြီး အသတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က သေဆုံးသူ၏ဆေးရုံတွင် တန်းစီနေသော လူများကို လမ်းညွှန်ပေးရာတွင် အကူအညီပေး သည့် အလုပ်ကို ဆောင်ရွက်နေသော အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စီးပွားရေးမြို့တော်မွမ်ဘိုင်း၏ ပြည်နယ်ဖြစ်သည့် မဟာရက်ရှ်ထရာပြည်နယ်တွင် အစိုးရဆေးရုံများတွင် အလုပ်လုပ်ကိုင်နေကြသော ဆရာဝန် ၈၀၀၀ ကျော်က သြဂုတ်၁၃ ရက်တွင် ဆက်လက်ဆန္ဒ ပြခဲ့ကြသောကြောင့် အရေးပေါ်ဝန်ဆောင်မှုမှလွဲ၍ ဆေးရုံဌာနအားလုံးတွင် အလုပ်တာဝန်များကို ရပ်ဆိုင်း ခဲ့သည်ဟု မီဒီယာတွင် ဖော်ပြထားသည်။

နယူးဒေလီမြို့တော်တွင် ဂျူနီယာဆရာဝန်များက အဖြူရောင်ကုတ်များဝတ်ဆင်၍ “ဆရာဝန်တွေက လက်ဝှေ့အိတ်တွေ မဟုတ်ပါဘူး”ဟူသည့် ပိုစတာများကို ကိုင်ဆောင်ကာ ကြီးမားသော အစိုးရ ဆေးရုံတစ်ရုံပြင်ပတွင် ထိုင်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

လူဦးရေအထူထပ်ဆုံး ဥတ္တရာပရာ ဒက်ရှ်ပြည်နယ်မြို့တော် လက်ခနောင်းကဲ့သို့ မြို့အများအပြားတွင် အလားတူဆန္ဒပြမှုများကို လုပ်ဆောင်ခဲ့ကာ နိုင်ငံအနောက်ပိုင်း အပန်းဖြေပြည်နယ်ဂိုအာတွင် ဆေးရုံဝန်ဆောင် မှုအချို့အပေါ် ထိခိုက်မှုရှိစေခဲ့သည်ဟု ဆိုသည်။

“ငြီးငွေ့ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေ၊ လူမဆန်တဲ့ အလုပ်တာဝန်တွေနဲ့ လုပ်ငန်းခွင် အကြမ်းဖက်မှုတွေက တကယ်ရှိနေပါတယ်”ဟု နိုင်ငံ၏အကြီးဆုံးဆရာဝန် အဖွဲ့အစည်းဖြစ်သည့် အိန္ဒိယ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း(IMA)က ကျန်းမာရေးဝန်ကြီး ဂျေပီနက်ဒါကို ပေးပို့သည့်စာလွှာတွင်ရေး သားထားသည်။

IMA အတွင်းရေးမှူးချုပ် အနေးလ်ကူး မားဂျေနာရတ်က ၎င်း၏အဖွဲ့အနေဖြင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများတွင် လုံခြုံရေးကို တိုးမြှင့်ချထားရန် နက်ဒါကိုတိုက်တွန်းခဲ့သည်ဟု ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနကမူ မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပေ။

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို အိန္ဒိယဖက်ဒရယ်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေး ဗဟိုဗျူရိုထံ လွှဲပြောင်းခဲ့ကြောင်း ကိုးလ်ကတ္တားတရားရုံးချုပ်က အမိန့်ထုတ်ပြန်ခဲ့ကာ  အာဏာပိုင်များအနေဖြင့် ယင်းအမှုကို နိုင်ငံတော်ဦးစားပေးအဆင့်အဖြစ် ဆောင်ရွက်သွားမည့် သဘောဖြစ်သည်။

အိန္ဒိယဆရာဝန်များသည် လူနာများ ပြည့်ကြပ်နေပြီး ညစ်ပတ်နေသောအစိုးရ ဆေးရုံများတွင် အလုပ် တာဝန်များကို အလွန်အကျွံလုပ်ရခြင်းနှင့် လုပ်ခလစာလျော့နည်းရရှိခြင်းတို့ကြောင့် ကာလကြာရှည် ညည်းညူ လျက်ရှိသည်။

Ref:Reuters

Most Read

Most Recent