နေပြည်တော်တွင် အာဏာသိမ်းသည်ဆိုသော သတင်းများသည် ကောလာဟလသာဖြစ်ပြီး ဟုတ်မှန်ခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောကြား

နေပြည်တော်တွင် အာဏာသိမ်းသည်ဆိုသော သတင်းများသည် ကောလာဟလသာဖြစ်ပြီး ဟုတ်မှန်ခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောကြား
Published 14 August 2024

နေပြည်တော်တွင် အာဏာသိမ်းသည်ဆိုသော သတင်းများသည် ကောလာဟလသာဖြစ်ပြီး ဟုတ်မှန်ခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြောကြားသည်။

အာဏာသိမ်းလိုက်ပြီဆိုသော ကောလာဟလများ လူမှုကွန်ယက်ပေါ်မှာ ယမန်နေ့(ဩဂုတ် ၁၃ ရက်) တစ်နေ့လုံးနှင့် ညဥ့်နက်ပိုင်းအထိ ပျံ့နှံ့ခဲ့သည့်အတွက် အဆိုပါကိစ္စအပေါ် အများပြည်သူ စိုးရိမ်နေမှုများရှိနေသလို လူမှုကွန်ယက်အသုံးပြုသူကြားတွင်လည်း ဖြစ်စဉ် မှန်၊မမှန် စိတ်ဝင်စားမှု မြင့်တက်နေကြပြီး စိုးရိမ်သူများလည်း ရှိနေခြင်းကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့အနေနှင့် အများပြည်သူသတင်းအမှန်များ သိရှိနိုင်စေရေး မည်သို့တုံ့ပြန်ပြောကြားလိုပါသလဲဆိုသည့် Trend ဂျာနယ်မှ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်းဖြစ်သည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ပြီး လက်ရှိလူမှုကွန်ယက်ပေါ်တွင် ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ Captain Seagull Facebook အကောင့်ကနေစပြီး သြဂုတ် ၁၂ ရက် ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့သည်ကို တွေ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြောကြားသည်။

ယင်းမှတစ်ဆင့် Facebook အကောင့်တုများအပြင် မီဒီယာအချို့ကနေ ပြည်သူလူထု စိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ကြကြောင်းနှင့် နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိဟု အသိပေးပြောကြားလိုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြောကြားသည်။

Most Read

Most Recent