အတ္တလန်တာအသင်းနည်းပြ ဂတ်စပါရီနီနှင့် တွေ့ဆုံခြင်း

အတ္တလန်တာအသင်းနည်းပြ ဂတ်စပါရီနီနှင့် တွေ့ဆုံခြင်း
Photo: So Foot
Photo: So Foot
Published 14 August 2024
Hein Maung Maung

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အတ္တလန်တာအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဆုဖလားအဖြစ် ယူရိုပါလိဂ်ချန်ပီယံဆုကို အရယူနိုင်ခဲ့ပြီး နည်းပြ ဂတ်စပါရီနီကလည်း သူ့နည်းပြဘဝမှာ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ဥရောပစူပါဖလားပွဲမတိုင်ခင် UEFA.com က ပွဲကြိုရင်ခုန်သံအဖြစ် ဂတ်စပါရီနီကို တွေ့ဆုံမေးမြန်းခဲ့ပါတယ် . . .

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အတ္တလန်တာအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဆုဖလားအဖြစ် ယူရိုပါလိဂ်ချန်ပီယံဆုကို အရယူနိုင်ခဲ့ပြီး နည်းပြ ဂတ်စပါရီနီကလည်း သူ့နည်းပြဘဝမှာ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ဥရောပစူပါဖလားပွဲမတိုင်ခင် UEFA.com က ပွဲကြိုရင်ခုန်သံအဖြစ် ဂတ်စပါရီနီကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

"အတ္တလန်တာအတွက် ထူးခြားတဲ့ အခါသမယပါပဲ"

အတ္တလန်တာအသင်းနည်းပြ ဂတ်စပါရီနီနှင့် တွေ့ဆုံခြင်း

■ အတ္တလန်တာရဲ့ယူရိုပါလိဂ်အောင်မြင်မှု

ယူရိုပါလိဂ်ပြိုင်ပွဲက ရှည်လျားတဲ့ ခရီးရှည်တစ်ခုပါ။ လစ္စဘွန်းမှာကစားတဲ့ ပထမဆုံးပွဲကစပြီး ကျွန်တော်တို့ရဲ့အရည်အသွေးကို ပြသခဲ့ပြီး အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဒီပြိုင်ပွဲက အဆင့် အတန်းမြင့်မားတဲ့ ပြိုင်ပွဲဖြစ်ပြီး အခုလို အနိုင်ရခဲ့တာဟာ ကျွန်တော်တို့အဖို့ ကြီးမားတဲ့အောင်မြင်မှုပါပဲ။ ကျွန်တော်တို့ဟာ လီဗာပူးလ်နဲ့ပွဲမှာ အောက်အသင်းပါ။ စပို့တင်းလစ္စဘွန်းနဲ့ပွဲလည်း အစမှာ ဒီလိုဖြစ်ခဲ့တယ်။ လူတိုင်းက သူတို့ နိုင်မယ်လို့ပဲ ယူဆခဲ့ကြတယ်။ အောက်အသင်းဖြစ်လို့ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ လိုချင်သလို လုပ် နိုင်ခဲ့တယ်လို့ပဲ ပြောပါရစေ။ ဒါက ကျွန်တော်တို့ကို အကောင်းဆုံး ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံးတွေထဲက တစ်သင်းလို့တော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်းကောင်းခဲ့ပါ တယ်။ ပြိုင်ပွဲရဲ့အကောင်းဆုံးဆိုတာ သေချာပါတယ်။ မာဆေးလ်၊ လီဗာပူးလ်၊ လေဗာကူဆင်အသင်းတွေကို ၃-၀ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ရလဒ်တွေကြောင့်ပေါ့။ ယူရိုပါလိဂ်ပြိုင်ပွဲတစ်ခုလုံး ကျွန်တော် တို့ အကျိုးသင့်အကြောင်းသင့်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဒီလိုပြိုင်ပွဲတွေက ဘာမှ မသေချာပါဘူး။  မတော်တဆတစ်ကြိမ်ကလည်း အခရာဖြစ်သွားနိုင်တယ်။ ပိုပြီးကျေနပ်စရာကောင်းတာက ဆုဖလားနဲ့ ကျွန်တော်တို့ ထိုက်တန်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြတာပါပဲ။

■ ၂၀၁၆ ကတည်းက အတ္တလန်တာနည်းပြဘဝ

နောက်ဆုံး(၆)နှစ်မှာ ချန်ပီယံလိဂ် (၄)ကြိမ် ယှဉ်ပြိုင်ခွင့်ရတယ်။ ဒီရာသီဟာ ကျွန်တော်တို့ရဲ့ (၄)ကြိမ်မြောက် ဖြစ်လိမ့်မယ်။ ဥရောပဘောလုံးအခင်းအကျင်းမှာ အရေးပါတဲ့နေရာကို ရောက်လာတယ်။ ဒါဟာ လွန်ခဲ့တဲ့(၈)နှစ်ကနဲ့တော့ လုံးဝကွဲပြားခြားနားသွားတယ်။ ဒီခရီးကို ကျွန်တော်တို့ အတူတကွဖြတ်သန်းခဲ့ပြီး အဲဒီကာလအတွင်းမှာ ကစားသမားတွေကတော့ များစွာပြောင်းလဲသွားတယ်။ လူစာရင်းက အဲဒီအချိန်ကနဲ့တော့ လုံးဝကွာခြားသွားတယ်။ အနည်းဆုံး(၃)ကြိမ်လောက် ပြောင်းလဲခဲ့ပေမဲ့ ကျွန်တော်တို့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမှာ အမြဲတမ်းထိပ်ဆုံးက ရှိပါတယ်။ ဒီမှာရှိတဲ့ စနစ်တစ်ခုလုံးအတွက် ကျေးဇူးတင်စရာပါ။ နည်းပြအဖွဲ့ဝင်တွေကနေ ကစားသမားတွေ၊ ကလပ်၊ ပတ်ဝန်းကျင်နဲ့ မြို့တော်အထိပေါ့။ ဒီအချက်အားလုံးက အသင်းကို လုပ်ဆောင် နိုင်စွမ်းရှိအောင် အထောက်အကူပြုပါတယ်။ 

■ ရီးယဲလ်နဲ့ စူပါဖလားပွဲ

ဒါဟာ အတ္တလန်တာအတွက်၊ ဘာဂါမိုအတွက်၊ သမိုင်းဝင်နေရာအတွက် ထူးခြားတဲ့အခါ သမယပါပဲ။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဆုဖလားအများဆုံးအသင်း၊ ကမ္ဘာ့အအောင်မြင်ဆုံးအသင်းနဲ့ ရင်ဆိုင်ကစားရမယ်။ အရေးပါတဲ့ကလပ်နဲ့ ဒီဆုဖလားအတွက် ကစားရတာဟာ ဗိုလ်လုပွဲ တစ်ပွဲလိုပါပဲ။ မကြာသေးခင်အထိ မတွေးဝံ့စရာပါပဲ။ ဒါက အတော်လေးဂုဏ်ယူစရာကောင်းပါတယ်။  သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့အသင်းနဲ့ ရင်ဆိုင်ရာမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဆုပ်ကိုင်နိုင်စွမ်း ရှိရပါမယ်။ ဘာဂါမိုဒေသတစ်ခုလုံး၊ ပရိသတ်အားလုံးအတွက် တကယ့်ကို စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပါပဲ။ အတ္တလန်တာ သမိုင်းမှာ အထွတ်အထိပ် ဖြစ်ကောင်းဖြစ်နိုင်သလို၊ အမြင့်ဆုံးအဆင့်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

■ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ

သူဟာ အောင်မြင်မှုအမြောက်အမြား ရယူထားပြီး မေးခွန်းထုတ်စရာမလိုတဲ့ နည်းပြတစ်ဦးပါ။ အသင်းအများအပြားလည်း ကိုင်တွယ်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်မှာတော့ အံ့အားသင့်စရာတွေ လုပ်ဆောင်နေပါတယ်။ သူဟာ အခုမတိုင်ခင် လုပ်ဆောင်ခဲ့သလို၊ အခုလည်း ထပ်လုပ်ပြနေပါတယ်။ ဒီဗိုလ်လုပွဲမှာ သူနဲ့ ရင်ဆိုင်ရတာဟာ အလွန်ထူးခြားလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်(၃၀)လောက်ကတည်းက ဒါကို စဉ်းစားခဲ့ပါတယ်။ ဂျူဗင်တပ်စ် လူငယ်အသင်းမှာ ရှိနေချိန်၊ သူက အသင်းကြီးကို ကိုင်တွယ်ချိန်မှာပေါ့။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုဗိုလ်လုပွဲမှာ ထပ်မံတွေ့ဆုံရတာဟာ အံ့အားသင့်စရာ ဖြစ်ပါလိမ့်မယ်။

Most Read

Most Recent