ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ အနည်းဆုံးအခကြေးငွေ ဘယ်လိုပြင်ဆင်ပေးသင့်သလဲ

ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ အနည်းဆုံးအခကြေးငွေ ဘယ်လိုပြင်ဆင်ပေးသင့်သလဲ
Published 11 August 2024

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုမှ အလုပ်သမားများကို တွေ့ရစဉ်

 

မြန်မာနိုင်ငံတွင် ဝန်ထမ်းလစာ တိုးမြှင့်လိုက်သည်နှင့် ကုန်စျေးနှုန်း မြင့်တက်မှုက ကျွဲကူးရေပါလာသည်မှာ ခေတ်အဆက်ဆက်ကပင် ဖြစ်သည်။

ထို့ကြောင့် ဝန်ထမ်းမှာ လစာတိုးလာ သော်လည်း လိုက်လံမြင့်တက်လာသည့် ကုန် စျေးနှုန်းကြောင့် သမင်မွေးရင်း ကျားစားရင်း ဖြင့် ထူးမခြားနားဘဝနှင့်ပင် နေသားကျလာ ခဲ့ကြသည်။

ယခုလည်း နေ့စားဝန်ထမ်းများနှင့် နေ့ စားအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခ လစာကို အပိုထောက်ပံ့ကြေးအဖြစ် ကျပ် တစ်ထောင်ကို ထပ်မံခံစားခွင့်ပြုမည်ဖြစ် ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ် ရေးဆိုင်ရာအမျိုးသားကော်မတီက သြဂုတ် ၉ ရက်တွင် ထုတ်ပြန်သည်။

          နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ် သမားများကို လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်အပြင် ထပ်မံ၍ ကျပ်တစ်ထောင်ကို အပိုထောက်ပံ့ ကြေးအဖြစ် ခံစားခွင့်ပြုလိုက်သောကြောင့် နေ့စားအလုပ်သမားများအနေဖြင့် အနည်း ဆုံးအခကြေးငွေ နေ့စဉ်လုပ်ခ ကျပ် ၆၈၀၀ ရရှိမည်ဖြစ်သည်။

          ထိုသို့ အနိမ့်ဆုံးလုပ်ခလစာကို အပို ထောက်ပံ့ကြေးအဖြစ် ကျပ်တစ်ထောင် ထပ် မံခံစားခွင့်ပြုခြင်းသည် နစကလက်ထက် သုံး နှစ်ကျော်အတွင်း နှစ်ကြိမ်ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။

          နစကအနေဖြင့် အစိုးရဝန်ထမ်းများကို အောက်တိုဘာလမှစ၍ အပိုထောက်ပံ့ကြေး ခေါင်းစဉ်ဖြင့် ကျပ်သုံးသောင်းတိုးပေးမည်ဖြစ် ကြောင်းနှင့် အစိုးရဌာနဆိုင်ရာတွင် အလုပ် လုပ်ကိုင်နေသည့် နေ့စားဝန်ထမ်းများကို လည်း တစ်နေ့ အလုပ်ချိန်ရှစ်နာရီအတွက် အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်မှစ၍ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

          အစိုးရဌာနများနှင့်အဖွဲ့အစည်းများရှိနေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမား များ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ ရှစ်နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄၈၀၀  အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်ကို ၂၀၂၃ ခုနှစ် အောက်တို ဘာ ၉ ရက်မှစတင်၍ လစဉ် ခံစားခွင့်ပြုထား ခဲ့သဖြင့် နေ့စားအလုပ်သမားများအနေဖြင့် အနည်းဆုံးအခကြေးငွေ နေ့စဉ်လုပ်ခ ကျပ် ၅၈၀၀ ရရှိခဲ့သည်။

          ထို့ကြောင့် အလုပ်သမားတစ်ဦးသည် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ နှင့်တွက် လျှင် တစ်လ ၁၄၄၀၀၀ ကျပ် ရရှိနေရာမှ အပို ထောက်ပံ့ကြေး တစ်နေ့ တစ်ထောင်တိုးပေး လိုက်သည့်အတွက် ကျပ် ၅၈၀၀ နှင့်တွက်လျှင် တစ်လ ၁၇၄၀၀၀ ကျပ် ရရှိခဲ့သည်။ တစ်လ လျှင် ကျပ်သုံးသောင်းတိုးခဲ့ခြင်းလည်းဖြစ် သည်။

          ယခုနှစ် သြဂုတ် ၉ ရက်တွင် အပိုထောက် ပံ့ကြေးအဖြစ် ကျပ်တစ်ထောင်ကို ထပ်မံခံ စားခွင့်ပြုလိုက်သဖြင့် ဝန်ထမ်းတစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ဝင်ငွေထပ်တိုးလာသည် ဟု နားလည်ရပြီး အလုပ်သမားတစ်ဦးသည် ကျပ် ၆၈၀၀ နှင့်တွက်လျှင် တစ်လ ၂၀၄၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။ 

          ယနေ့ခေတ်ကာလတွင် ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်လာမှုကြောင့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြင်ဆင်ပေးရန် အလုပ်သမားများက တောင်းဆိုမှုများ ရှိနေ ချိန်တွင် အနည်းဆုံးအခကြေးငွေနှုန်းထားကို ပြင်ဆင်ပေးခြင်းမရှိဘဲ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်ကိုသာ နှစ်ကြိမ်တိုးမြှင့်ခံစား ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

          ၂၀၁၃ ခုနှစ် မတ်လတွင် အနည်းဆုံး အခကြေးငွေဥပဒေနှင့် အနည်းဆုံးအခ ကြေးငွေနည်းဥပဒေများကို အလုပ်သမားဝန် ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

          ထို့နောက် အနည်းဆုံးအခကြေးငွေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံ တော်သမ္မတက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီကို သက် ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အ စည်း (သို့မဟုတ်) အလုပ်သမားများ၏ ကိုယ် စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်း (သို့မ ဟုတ်) အလုပ်ရှင်များ၏ ကိုယ်စားလှယ်များ အပြင် အခြားသောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ပေးခဲ့သည်။

          ထိုကော်မတီက ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းစဉ်များကို အဆင့် လိုက်လုပ်ဆောင်၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြသဘောတူညီချက်အရ ပထမ အကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဇွန် ၂၉ ရက်တွင် အလုပ်သမားများအတွက် မဖြစ်မနေ အနည်း ဆုံးပေးရမည့် လုပ်ခလစာနှုန်းထားတစ်ခုကို သတ်မှတ်ကြေညာခဲ့သည်။

          မြန်မာနိုင်ငံတွင်ရှိသည့် အလုပ်သမား များအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုး အစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၄၅၀ နှုန်းနှင့် အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ပေးရမည်ဖြစ်ကြောင်း သတ်မှတ်ပေးခဲ့ခြင်း လည်းဖြစ်သည်။

          ထိုသို့ သတ်မှတ်ရာတွင် အလုပ်သမား ၁၅ ဦးထက်နည်းသည့် လုပ်ငန်းငယ်များ၊ မိ သားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းများနှင့် သက် ဆိုင်မှု မရှိစေရလို့လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

          ထို့ပြင် အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၅ (ဇ) တွင် သတ်မှတ်ထားသော အနည်း ဆုံးအခကြေးငွေနှုန်းထားကို ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန် ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း အမျိုးအစားအလိုက်သော်လည်း ကောင်း၊ ဒေသအလိုက်သော်လည်းကောင်း၊ အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တ ရာယ်ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာ သော အခြေအနေအရပ်ရပ်တို့နှင့်အညီ စိစစ် ပြီး နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင် သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ပြည် ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်းဆိုပြီး ပြဋ္ဌာန်းထားသည်။

          ထိုဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် သတ် မှတ်ထားသည့် အနည်းဆုံးအခကြေးငွေနှုန်း ထားကို ၂၀၁၈ ခုနှစ် မေ ၁၄ ရက်တွင် အနည်း ဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မ တီက ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်သတ် မှတ်ခဲ့သည်။

          မြန်မာနိုင်ငံတွင်ရှိသည့် အလုပ်သမား များအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုး အစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ နှုန်းဖြင့် အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့သည်။

          လက်ရှိအချိန်တွင် အနည်းဆုံးအခကြေး ငွေကို တတိယအကြိမ် ပြန်လည်ပြင်ဆင်သတ် မှတ်ရန် အချိန်ကာလအားဖြင့် ခြောက်နှစ်သို့ ကျော်လွန်နေပြီးဖြစ်သော်လည်း ယင်းလုပ် ငန်းစဉ်ကို စတင်နိုင်ခြင်း မရှိသေးပေ။

          ထိုအချိန်တွင် နစကအနေဖြင့် နိုင်ငံ့ဝန် ထမ်းနှင့် နေ့စားအလုပ်သမားများအတွက် ထောက်ပံ့ငွေကျပ်သုံးသောင်း နှစ်ကြိမ် တိုးမြှင့် ပေးလိုက်ခြင်းသည် အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းအပေါ် ကန့် သတ်ချက်တစ်ခုဖြစ်လာနိုင်ကြောင်း အလုပ် သမားအရေးဆောင်ရွက်နေသူများက သုံး သပ်ပြောကြားသည်။

          ထိုသို့ ထောက်ပံ့ငွေပေးမည်ဆိုပါက လက်ရှိ မြင့်တက်နေသော ကုန်စျေးနှုန်းနှင့် ဝန်ထမ်းလစာ လောက်ငမှု ရှိ မရှိကို ထည့် သွင်းစဉ်းစားသင့်ကြောင်း အလုပ်သမားအ ရေးဆောင်ရွက်နေသူများက ထောက်ပြကြ သည်။

          ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီအချိန်က အလုပ်သမားတစ်ဦး၏ ဝင် ငွေနှင့်ထွက်ငွေသည် မျှတမှုရှိခဲ့ပြီး လက်ရှိ အချိန်တွင်မူ စားဝတ်နေရေး ကုန်ကျစရိတ် များက ပိုမိုမြင့်တက်လာသည့်အတွက် အ လုပ်သမားတစ်ဦး၏ ဝင်ငွေနှင့် ထွက်ငွေမှာ လောက်ငမှုမရှိတော့ကြောင်း အလုပ်သမား များက ဆိုသည်။

          ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်အချိန်က ဆန်ကြမ်းတစ်ပြည်ကို ကျပ် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာ ရှိသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၏ စျေးနှုန်းသတ်မှတ်ချက်မှာပင် ဆန်ကြမ်း တစ်ပြည်လျှင် ကျပ် ၃၀၀၀ နှင့် ၃၅၀၀ ကြား တွင် ရှိနေသည်။

          ထို့အတူ ကိုဗစ်နှင့် နိုင်ငံရေးအပြောင်း အလဲ မဖြစ်မီအချိန်က ဆန်ချောတစ်ပြည်ကို ကျပ် ၂၀၀၀ နှင့် ၂၅၀၀ ဝန်းကျင်သာရှိသော် လည်း လက်ရှိတွင် မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်၏ စျေးနှုန်းသတ်မှတ်ချက်အရ ဆန်ချောတစ်ပြည်လျှင် ကျပ် ၆၀၀၀ နှင့် ၆၅၀၀ ကြားတွင် ရှိနေသည်။

          ၂၀၁၈ ခုနှစ်ကတည်းက ဒုတိယအကြိမ် ပြင်ဆင်သတ်မှတ်ခဲ့သည့် အနည်းဆုံးအခ ကြေးငွေ ကျပ် ၄၈၀၀ ကို အပိုထောက်ပံ့ကြေး ငွေ ကျပ်တစ်ထောင် နှစ်ကြိမ်တိုးမြှင့်ပေးသည့် အတွက် တစ်နေ့လုပ်ခ ကျပ် ၆၈၀၀ ရရှိသော် လည်း လက်ရှိအချိန်တွင် ဆန်ချောတစ်ပြည် ဝယ်နိုင်လောက်သည့် အခြေအနေသာရှိသည့် အတွက် အလုပ်သမားများက အနည်းဆုံးအခ ကြေးငွေကို တတိယအကြိမ် ပြင်ဆင်သတ်မှတ် ပေးရန် ဆန္ဒရှိနေကြသည်။

          စားအုန်းဆီဘက်ကို ကြည့်မည်ဆိုလျှင် လည်း ကိုဗစ်နှင့် နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်အချိန်က စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၁၈၀၀ နှင့် ၂၀၀၀ ကြားဝန်းကျင်သာ ရှိ သော်လည်း ယခုနှစ် သြဂုတ် ၄ ရက်တွင် မြန် မနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၇၈၀ သတ်မှတ်၍ ရောင်းချနေသည်။

          ထို့ပြင် အခြားသော စားသုံးကုန်ပစ္စည်း များနှင့် လူသုံးကုန်ပစ္စည်းများမှာလည်း သုံး ဆခန့် စျေးနှုန်းမြင့်တက်နေသည့်အတွက် အလုပ်သမားများအနေဖြင့် တစ်နေ့လုပ်ခ ကျပ် ၆၈၀၀ ဖြင့် ဆက်လက်ရှင်သန်ရပ်တည် နိုင်ရန် မလွယ်ကူသည့် အခြေအနေမျိုးဖြစ်နေ သည်။

          အနည်းဆုံးအခကြေးငွေဥပဒေတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်းပြီး အခြေခံရမည့်အချက်များအဖြစ် (၁) အလုပ်သမားများနှင့် ယင်းတို့၏ မိသားစု လိုအပ်ချက်များ၊ (၂) လက်ရှိလုပ်ခများ၊ (၃) လူမှုဖူလုံရေးအကျိုးခံစားခွင့်များ၊ (၄) စားဝတ် နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် တို့၏ ပြောင်းလဲချက်များ၊ (၅) လိုက်လျောညီ ထွေမှုရှိမည့် လူနေမှုဘဝအဆင့်အတန်း၊ (၆) နိုင်ငံတော်၏ စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်များနှင့်အညီ အလုပ် အကိုင်အခွင့်အလမ်းများ၊ (၇) နိုင်ငံတော်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊ (၈) ကျန်းမာရေးကို ထိ ခိုက်စေနိုင်သော အသက်အန္တရာယ်ဖြစ်စေ နိုင်သော အလုပ်၊ လုပ်ငန်းခွင်၏ သဘောသ ဘာဝနှင့် (၉) ဝန်ကြီးဌာနက ပြည်ထောင်စုအ စိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက်များ စသည်တို့ကို အခြေခံရမည် ဟု ပြဋ္ဌာန်းထားသည်။

          လက်ရှိမြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံအချို့၌ အလုပ်သမားများအနေဖြင့် တစ်နေ့လျှင် ၁၅ နာရီကျော် လုပ်ကိုင်နေရ သည်ကို သိရှိရကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

          တစ်နေ့ (ရှစ်နာရီစာ) သတ်မှတ်ထား သော မလောက်ငသည့် အနည်းဆုံးအခကြေး ငွေနှုန်းထားကြောင့် အလုပ်သမားများအနေ ဖြင့် မဖြစ်မနေ အချိန်ပိုများ ဆင်းနေရခြင်း လည်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသည့် အဖွဲ့အစည်းများက ဆိုသည်။

          အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာ တွင် အခြေခံရမည့်အချက်များထဲ၌ စားဝတ် နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် တို့၏ ပြောင်းလဲချက်များကို အခြေခံရမည် ဆိုသည့်အချက် ပါရှိသောကြောင့် ခေတ်ကာ လ ကုန်ကျစရိတ်နှင့် ညီမျှသည့် အနည်းဆုံးအ ခကြေးငွေကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြန်လည်သတ်မှတ်ပေးရန် အလုပ် သမားများက လိုလားလျက်ရှိကြသည်။

          ခေတ်ကာလနှင့်ညီသည့် လုပ်ခလစာ ဖြစ်ရန်နှင့် မြင့်တက်လာမည့် ကုန်စျေးနှုန်းနှင့် ကိုက်ညီစေရန်အတွက် အနည်းဆုံးအခကြေး ငွေနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံးတစ် ကြိမ် ပြင်ဆင်သတ်မှတ်ပေးရမည်ဟု ဥပဒေ က ပြဋ္ဌာန်းထားသော်လည်း ငါးနှစ်ကျော်ကြာ မှ ထောက်ပံ့ကြေး ကျပ်တစ်ထောင် နှစ်ကြိမ် တိုးမြှင့်ပေးမှုအပေါ် အလုပ်သမားများက သုံးသပ်မှုများရှိခဲ့သည်။

          လက်ရှိတွင် မြင့်တက်လျက်ရှိသည့် စားဝတ်နေရေး စရိတ်များကြောင့်လည်း အ လုပ်သမားတစ်ဦး၏ တစ်နေ့ ရှစ်နာရီ အလုပ် ချိန်အတွက် အနည်းဆုံးအခကြေးငွေနှုန်း ထားကို ကျပ် ၈၀၀၀ နှင့် ၁၀၀၀၀ ကြား တိုး မြှင့်သတ်မှတ်ပေးရန် အလုပ်သမားများက မျှော်လင့်ခဲ့ကြသော်လည်း အပိုထောက်ပံ့ ကြေးအဖြစ် ကျပ်တစ်ထောင်ကိုသာ နှစ်ကြိမ် တိုးမြှင့်ပေးခဲ့သည်။

          လက်ဖက်ရည်တစ်ခွက်သည်ပင်လျှင် ကျပ် ၁၀၀၀ (သို့မဟုတ်) ၁၅၀၀ ဖြစ်နေသည့် အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ် ရေးဆိုင်ရာ အမျိုးသားကော်မတီက အပို ထောက်ပံ့ငွေအဖြစ် ကျပ်တစ်ထောင်သာ ထပ်မံတိုးမြှင့်သတ်မှတ်ပေးခြင်းသည် လက် ဖက်ရည်တစ်ခွက်ဖိုးသာရှိသည်ဟု အလုပ် သမားအရေးဆောင်ရွက်နေသူများက နှိုင်း ယှဉ် ထောက်ပြကြသည်။

          ထိုသို့ အပိုထောက်ပံ့ကြေး ကျပ်တစ် ထောင်ကို ထပ်မံတိုးမြှင့်ပေးလိုက်သည့်အတွက် ကုန်စျေးနှုန်း ထပ်မံမြင့်လာသည့်ဒဏ် ကိုလည်း အလုပ်သမားများက ခါးစည်းခံနေ ကြရသည်။

          အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာအမျိုးသားကော်မတီက အပိုထောက် ပံ့ငွေအဖြစ် ကျပ်တစ်ထောင်သာ ထပ်မံတိုးမြှင့်သတ်မှတ်ပေးခြင်းသည် လက်ရှိတွင် စား ဝတ်နေရေးအတွက် ကုန်ကျစရိတ်များ အဆမ တန်မြင့်တက်နေမှုအပေါ် မည်သို့မျှအထောက် အပံ့ဖြစ်နိုင်လိမ့်မည်မဟုတ်ကြောင်း အလုပ် သမားများက ဝေဖန်သုံးသပ်မှုများလည်း ရှိ နေသည်။

          ထို့ကြောင့် ခေတ်ကာလနှင့် လျော်ညီသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို တတိယ အကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် အလုပ်သမားများက တောင်းဆိုနေကြပြီး သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလုပ် သမားများ၏ တောင်းဆိုမှုများအပေါ် အနည်းဆုံးအခကြေးငွေနှုန်းထား မည်သို့ ပြင်ဆင်ပေးမည်ကို အလုပ်သမားများက မျှော်လင့်လျက်ရှိကြသည်။

Most Read

Most Recent