ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ကွယ်လွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ကွယ်လွန်
Published 9 August 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းကွယ်လွန်သွားကြောင်း သိရသည်။

မိုင်းလားအဖွဲ့(NDAA)က ဦးစိုင်းလင်း ကွယ်လွန်မှုအား တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ၎င်းအဖွဲ့နှင့်နီးစပ်သူအချို့၏ ရေးသားမှုနှင့် ဒေသတွင်း မီဒီယာအချို့၏ သတင်းဖော်ပြမှုအရ သြဂုတ် ၈ ရက်က တရုတ်နိုင်ငံတွင် ဆေးကုသမှုခံယူစဉ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိုင်းလင်းသည် ကိုးကန့်အဖွဲ့(MNDAA) တည်ထောင်ခဲ့သူ ဖုန်ကြားရှင်၏ သားမက်တော်စပ်သူဖြစ်ကာ  လက်ရှိ MNDAA ခေါင်းဆောင် ဖုန်းတာရွှင်နှင့် ယောက်ဖတော်စပ်သူဖြစ်သည်။

ဗမာပြည်ကွန်မြူစနစ်ပါတီ(ဗကပ) ၈၁၅ စစ်ဒေသ၏ တပ်မှူးတစ်ဦးဖြစ်ခဲ့သည့် ဦးစိုင်းလင်းသည် ၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်တွင် ဗကပမှခွဲထွက်၍ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ကိုတည်ထောင်ကာ တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။

ထို့နောက် ဦးစိုင်းလင်းဦးဆောင်သည့် NDAA ထိန်းချုပ်ထားသည့် မိုင်းလားဒေသကို ထိုစဉ်က တပ်မတော်အစိုးရက ရှမ်းပြည်နယ် အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့ကာ လက်ရှိအချိန်ထိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများကို ၎င်းတို့အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ဦးစိုင်းလင်းကွယ်လွန်ပြီးနောက် မိုင်းလားအဖွဲ့ ခေါင်းဆောင်နေရာအား မည်သူကဆက်ခံမည်ကို မသိရှိရသေးသော်လည်း ၎င်း၏သားဖြစ်သူ အထွေထွေအတွင်းရေးမှူးချုပ် ဦးထိန်လင်းက ၎င်း၏နေရာကို ဆက်ခံဖွယ်ရှိသည်ဟု သုံးသပ်ရေးသားမှုများရှိနေသည်။

Most Read

Most Recent