ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် ကျမ်းသစ္စာကျိန်ဆို

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် ကျမ်းသစ္စာကျိန်ဆို
Published 8 August 2024

ဘင်္ဂလားဒေ့ရှ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်သည် သြဂုတ် ၈ ရက် ညပိုင်းက ကြားဖြတ်အစိုးရ ခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဒီမိုကရေစီစနစ်သို့ ပြန်သွားရန် ဘင်္ဂလားဒေ့ရှ်အား ဦးဆောင်မည်ဟု  ကတိပြုခဲ့သည်။

ဟာဆီနာအား ဖြုတ်ချမှုသည် ဘင်္ဂလားဒေ့ရှ်အတွက် ဒုတိယအကြိမ် လွတ်လပ်ရေးရရှိခြင်းဖြစ်သည်ဟု သြဂုတ် ၈ ရက် အစောပိုင်းက ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရောက်လာပြီးနောက် ယူနွတ်က ကြွေးကြော်ခဲ့သည်။

သြဂုတ် ၈ ရက် ညပိုင်းက သမ္မတအိမ်တော်၌ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ပြည်ပသံတမန်များရှေ့မှောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်၍ အထောက်အကူပေးမည်ဖြစ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

"ဒီကနေ့ဟာ ကျွန်တော်တို့အတွက် ကြီးမြတ်တဲ့နေ့တစ်နေ့ပါပဲ" ဟု ၈၄ နှစ်အရွယ် ယူနွတ်က အစောပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဘင်္ဂလားဒေ့ရှ်ဟာ အောင်ပွဲနေ့သစ်တစ်နေ့ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ဒုတိယအကြိမ် လွတ်လပ်ရေးရခဲ့တာပါ"ဟု ၎င်းက ဆိုသည်။

လူပေါင်း ၄၅၅ ဦးထက်မနည်း သေဆုံးခဲ့သော အဓိကရုဏ်းအခြေအနေများ သီတင်းပတ်များနှင့်ချီ ဖြစ်ပွားပြီးနောက် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းရန် ယူနွတ်က တိုက်တွန်းခဲ့ပြီး ရန်ပြုတိုက်ခိုက်ခံရသော လူနည်းစုများ အပါအဝင် နိုင်ငံသားအချင်းချင်း အပြန်အလှန် ဖေးမကာကွယ်ကြရန် တိုက်တွန်းခဲ့သည်။

ဝန်ကြီးများမဟုတ်သည့် အကြံပေးများဖြစ်သော ၎င်း၏အစိုးရအဖွဲ့ဝင် တစ်ဒါဇင်ကျော်ကလည်း ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ၎င်းတို့အနက် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး ကျောင်းသားများအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သော နာဟစ်အစ္စလမ်နှင့် အဆစ်ဖ် မာမွတ်တို့လည်း ပါဝင်ခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ဟောင်းတစ်ဦး၊ ရှေ့နေချုပ်ဟောင်းတစ်ဦး၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသည့် ရှေ့နေတစ်ဦးနှင့်

ဝန်ကြီးချုပ်ဟာဆီနာလက်ထက်တွင် ထောင်ဒဏ်ချမှတ်ခံရသည့် နာမည်ကြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အဒီလာ ရာမန်ခန်းတို့လည်း ပါဝင်ကြောင်း သိရသည်။  

Ref: AFP

Most Read

Most Recent